ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ သူတို့ရဲ့ အဓိက ကစားသမား တဦး ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ် ကစားသမား အီဒင် ဟာဇက်ကို လာမယ့် နွေအပြောင်းအရွှေ့မှာ တရာသီအငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။

အသက် ၃၁နှစ် အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် အီဒင် ဟာဇက်ဟာ ချယ်လ်ဆီးမှာ ဆယ်စုနှစ် တစုနီးပါး ကစားသွားခဲ့သူ တဦး ဖြစ်ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်ပေမယ့် ၂၀၁၉ခုနှစ်မှာ ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Marca

ဟာဇက်ဟာ ချယ်လ်ဆီးမှာ ကစားစဉ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်ထံ ရောက်ရှိပြီး နောက်ပိုင်းမှာတော့ ကိုယ်အလေးချိန် တက်လာခဲ့သလို ဒဏ်ရာတွေလည်း မကြာခဏ ဆိုသလို ရခဲ့တာကြောင့် ခြေစွမ်းတွေ ကျဆင်းခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာလည်း အီဒင် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်မှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရထားပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ လာမယ့် နွေအပြောင်းအရွှေ့မှာ အမ်ဘာပေ ၊ ဟာလန်း စတဲ့ ကစားသမားတွေကို မြင့်မားတဲ့ လုပ်ခလစာတွေ ပေးချေပြီး ခေါ်ယူဖို့ စီစဉ်နေတဲ့ ရီးရဲလ်မက်ဒရစ်က လုပ်ခလစာ မြင့်မားတဲ့ ဟာဇက်ကို ရောင်းထုတ်ချင်နေကာ ဟာဇက်ရဲ့ အသင်းဟောင်း ချယ်လ်ဆီးကတော့ ဟာဇက်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marcaရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ လာမယ့် ဘောလုံးရာသီမှာ ဟာဇက်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေပြီး ဟာဇက်ဘက်က ချယ်လ်ဆီးဆီ ပြန်လည် ပြောင်းရွှေ့ချင်နေသလို ရီးရဲလ်မက်ဒရစ်ကလည်း ဟာဇက်ရဲ့ အပြောင်းအရွှေ့ကို သဘောတူဖွယ် ရှိကြောင်း သိရပါတယ်။