ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့ရဲ့ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ကြားဖြတ် ခေါ်ယူဖို့ အလွန်အမင်း စိတ်ဝင်စားလာကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဒီနှစ် နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် မခေါ်ယူရသေးတဲ့ တသင်းထဲသော ပရီးမီးယားလိဂ် အသင်းကြီး အဖြစ် မှတ်တမ်းဝင်နေတဲ့ ချယ်လ်ဆီးက စတာလင်း ၊ ဒီလစ် ၊ ကူလီဘလီ စတဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေသလို ယခုအချိန်မှာလည်း သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ဘာစီလိုနာကနေ ထွက်ခွာခွင့် ရထားတဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်အား ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

Photo Credit: Marca

ချယ်လ်ဆီးက ဂျော်ဂျင်ဟို ၊ ကန်တေ ၊ ကိုဗာဆစ် ၊ မေဆန်မောင့် ၊ လော့ဖ်တပ်ချိ ၊ ဘာကလေ စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဂျော်ဂျင်ဟိုနဲ့ ကန်တေတို့က အသက်အရွယ်ပိုင်း အရ အကျပိုင်းကို ရောက်လာသလို လော့ဖ်တပ်ချိ ၊ မေဆန်မောင့်နဲ့ ဘာကလေတို့ဟာ ဗဟိုကွင်းလယ်လူတွေ အဖြစ် ကစားနိုင်စွမ်း မရှိတာကြောင့် ဒီဂျောင်လို ထိပ်တန်း ဗဟိုကွင်းလယ်လူကို ခေါ်ယူဖို့ မျက်စိကျလာတာပါ။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ပဏာမ သဘောတူညီမှု ရယူထားနိုင်ပေမယ့် ဒီဂျောင်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု မရသေးသလို ဒီဂျောင်ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အနည်းငယ် တွန့်ဆုတ်နေပါတယ်။

Photo Credit: Marca

ချယ်လ်ဆီးကတော့ ဒီဂျောင်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအား ပါဝင် ကစားချင်တဲ့စိတ်ကို အသာစီး ရယူကာ ဖရန်ကီ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထဲကနေ ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မကြာခင်မှာပဲ ချယ်လ်ဆီးက ဒီဂျောင်အတွက် ကမ်းလှမ်းမှုတွေ စတင် လုပ်ဆောင်နိုင်ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Relevoက အခိုင်အမာ ဖော်ပြထားပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးကလည်း ချယ်လ်ဆီးဟာ ဒီဂျောင်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ချယ်လ်ဆီးက ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာရဲ့ ပစ်မှတ် ကစားသမားတွေ ဖြစ်တဲ့ အက်စ်ပီလီကွီတာနဲ့ အလွန်ဆိုတို့ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း ဆိုပါတယ်။