ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ ဘရာဇီးလ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အန်းဒရစ်ကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကာ ကြိုးပမ်းလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ ပါးလ်မီးရက်စ် လူငယ်ကြယ်ပွင့် အန်းဒရစ်က လူငယ် ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ခြေစွမ်းနဲ့ အရည်အချင်းကြောင့် လက်ရှိ ဘရာဇီးလ်ကြယ်ပွင့် နေမာလို တောက်ပလာမယ့် လူငယ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ပါးလ်မီးရက်စ်ကတော့ သူ့ရဲ့ တန်ကြေးကို ယူရို ၅၀သန်း သတ်မှတ်ထားပါတယ်။

Photo Credit: The Sun

အန်းဒရစ်က ဘရာဇီးလ် နာမည်ကြီး တိုက်စစ်မှူးဟောင်း အက်ဒီယာနိုနဲ့ ကစားပုံချင်း ဆင်တူသူ ဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှု ၊ အဆုံးသတ်စွမ်းရည်နဲ့ အလိမ်အခေါက် စွမ်းရည်တို့ကြောင့် ဥရောပရဲ့ ထိပ်သီးအသင်း နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ နှစ်သင်းစလုံးက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။

တဖက်မှာလည်း ချယ်လ်ဆီးက ဘရာဇီးလ်ကြယ်ပွင့်တွေကို ခေါ်ယူလေ့ ရှိတဲ့ သူတို့အသင်းရဲ့ ဝသီအတိုင်းပဲ ပါးလ်မီးရက်စ်နဲ့အတူ တောက်ပနေတဲ့ အန်းဒရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးက သူတို့အသင်းရဲ့ အဓိက ခံစစ်မှူးလည်းဖြစ် ၊ ဘရာဇီးလ်ရဲ့ မရှိမဖြစ် ခံစစ်မှူးလည်း ဖြစ်တဲ့ သီယာဂို ဆေးလ်ဗားကို အသုံးချကာ အန်းဒရစ်ကို သူတို့အသင်းဆီ ပြောင်းလာအောင် စည်းရုံးနေကြောင်း Times သတင်းဌာနက ဆိုပါတယ်။

Photo Credit: The Sun

Times သတင်းဌာနရဲ့ ပင်တိုင် ဆောင်းပါးရှင် တွန် ရဒဒ်ဒီရဲ့ ဖော်ပြချက်အရ သီယာဂို ဆေးလ်ဗားက ချယ်လ်ဆီး တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ အန်းဒရစ်ရဲ့ မိသားစုကို စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းဆီ ဖိတ်ခေါ်ကာ ညစာစားပွဲ ကျင်းပပေးပြီး အန်းဒရစ်ကို သူတို့အသင်းဆီ ပြောင်းလာအောင် စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့သလို အန်းဒရစ် အတွက် တရားဝင် ကမ်းလှမ်းမှုပါ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ချယ်လ်ဆီးက အန်းဒရစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် သုံးစွဲဖို့ အဆင်သင့် ဖြစ်နေပြီး အန်းဒရစ်ကတော့ သူ့ရဲ့ အနာဂတ် အတွက် မိသားစုနဲ့ တိုင်ပင် ဆွေးနွေးနေကာ အန်းဒရစ်ရဲ့ မိသားစုဝင် တချို့က အန်းဒရစ်ကို ရိုဒရီဂိုနဲ့ ဗင်နီးစီးယပ်တို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ထက် တိုက်စစ်မှူး တဦး လိုအပ်နေတဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့  တိုက်တွန်းနေကြောင်း ဘရာဇီးလ် ဒေသခံ သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။