ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီက သူရဲ့အသင်းဟောင်း ဒေါ့မွန်မှာ အတူလက်တွဲခဲ့ဖူးတဲ့ သူ့ဆရာသမားဟောင်း သောမတ်စ်တူဟယ်လ်က သူအနှစ်သက်ရဆုံး နည်းပြတစ်ယောက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး တူဟယ်လ်သာ ဒေါ့မွန်မှာပဲ ဆက်လက်ရှိနေဖြစ်မယ်ဆိုရင် သူအနေနဲ့ကလည်း အသင်းကနေ ထွက်ခွာဖြစ်မှာ မဟုတ်ဘူးလို့ပါ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : DW

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ရန်းစ်အသင်းကနေ ဒေါ့မွန်ကို ရောက်ရှိလာချိန်မှာလည်း လက်ရှိချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း ဒေါ့မွန်ကို ကိုင်တွယ်နေတာဖြစ်ပြီး ဒမ်ဘီလီနဲ့ အလုပ်တွဲဖက် လုပ်ကိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ တူဟယ်လ်က ပီအက်စ်ဂျီ ချယ်လ်ဆီးအသင်းတို့ဆီ ပြောင်းရွှေ့ခဲ့သလို ဒမ်ဘီလီကလည်း ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အချိန်အတိုင်းအတာတစ်ခုလောက်ပဲ ဆုံခဲ့ရပေမယ့် တူဟယ်လ်ကတော့ သူအနှစ်သက်ရဆုံးသော နည်းပြတစ်ယောက်ဖြစ်တယ်လို့ ဒမ်ဘီလီက ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : AS English

တူဟယ်လ်နဲ့ပတ်သက်ပြီး ဒမ်ဘီလီက “သောမတ်စ်တူဟယ်လ်က ကျွန်တော်ရဲ့ အနှစ်သက်ရဆုံးသော နည်းပြတစ်ယောက်ပါ။ သူရဲ့လက်အောက်မှာ ကစားခဲ့ရတုန်းက ညာခြမ်းတိုက်စစ်မှာ အချိန်အတော်ကြာ ကစားခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှသာ နံပါတ်(၁၀)နေရာကို ပြောင်းရွှေ့ကစားခဲ့ရတာပါ။ တကယ်လို့ သူသာ ဒေါ့မွန်အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ကျွန်တော်လည်း ဒေါ့မွန်ကနေ ထွက်ခွာဖို့ဆိုတာ ဒီထက်မက ပိုပြီးခက်ခဲခဲ့မှာပါ။ လုံးဝမထွက်ခွာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တူဟယ်လ်ကလည်း သူပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက သူရဲ့တပည့်ဟောင်း ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ဖူးသလို လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်နေချိန်မှာလည်း ဒမ်ဘီလီကို ထပ်မံပစ်မှတ်ထားလာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒမ်ဘီလီက ဘာစီလိုနာအသင်းအတွက် ခြေစွမ်းတွေ ပြန်လည်ပြသနေပြီး ပွဲထွက်ကစားခွင့်တွေ ပြန်ရနေတဲ့အတွက် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ပါ ရှိလာခဲ့ရသလို ဒမ်ဘီလီကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ဖို့ထက် ဘာစီလိုနာအသင်းမှာသာ ဆက်လက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒမ်ဘီလီရဲ့ စာချုပ်သက်တမ်းကတော့ လာမယ့် ၂၀၂၂ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။