ဘာစီလိုနာ ချယ်လ်ဆီးအသင်းတို့ကနေ ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေကြတဲ့ အေဂျက်စ်အသင်းရဲ့ ပင်တိုင်ဂိုးသမား အန်ဒရေအိုနာနာက အသင်းနဲ့ (၅)နှစ်အထိ ဖြတ်သန်းခဲ့ပြီးတဲ့နောက် လာမယ့်ဘောလုံးရာသီမှာတော့ အေဂျက်စ်အသင်းနဲ့ လမ်းခွဲချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့အတွက် သူ့ကိုစိတ်ဝင်စားနေတဲဲ့ ကလပ်အသင်းတွေအတွက် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်တာကြောင့် လာမယ့်နွေစျေးကွက်မှာ အိုနာနာကို ဘာစီလိုနာ ချယ်လ်ဆီးအသင်းတွေအပြင် အခြားသော ကလပ်အသင်းတွေကပါ ကမ်းလှမ်းမှုတွေ ပြုလုပ်လာကြဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၄)နှစ်အရွှယ် ကင်မရွန်းလက်ရွေးစင်ဂိုးသမား အိုနာနာဟာ ဘောလုံးသမားဘဝကို ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီကနေ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် အေဂျက်စ်လူငယ်အသင်းဆီကို ပြောင်းရွှေ့ကစားခဲ့ရင်းနဲ့ အေဂျက်စ်စီနယာအသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ် သတ်မှတ်ခံလာရတာဖြစ်ပါတယ်။ အိုနာနာဟာ ၂၀၁၆ခုနှစ်ကနေစတင်ပြီး အေဂျက်စ်အသင်းကြီးမှာ ပါဝင်ကစားခဲ့ရင်းနဲ့ သူရဲ့လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အခုလို ဘာစီလိုနာ ချယ်လ်ဆီးအသင်းတို့ရဲ့ စိတ်ဝင်စားမှုတွေကိုပါ ရရှိလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

အိုနာနာက သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ “ကျွန်တော့်ကိုအထင်မလွဲစေချင်ပါဘူး။ ကျွန်တော်က အေဂျက်စ်မှာ ပျော်ရွှင်နေတဲဲ့သူပါ။ အေဂျက်စ်ဆိုတာကလည်း တကယ့်အသင်းကောင်းတစ်သင်းပဲလေ။ ဒီအသင်းမှာ အရမ်းကောင်းတဲ့ (၅)နှစ်တာကာလကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်အနေနဲ့ ကစားသမားဘဝကို နောက်တစ်ဆင့်တတ်လှမ်းသင့်တဲ့ အချိန်ရောက်နေပြီလို့ ကျွန်တော်ထင်မိပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အိုနာနာဟာ လာမာစီယာ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်လို့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာတုန်းက သူအနေနဲ့ ပရီးမီးယားလိဂ်မှာ သွားရောက်ကစားချင်တယ်လို့ ဝန်ခံပြောဆိုခဲ့ဖူးတာကြောင့် လာမယ့်ရာသီအတွင်း ဂိုးသမားအပြောင်းအလဲ လုပ်ဆောင်လာမယ့် ချယ်လ်ဆီးအသင်းဆီကိုလည်း ရောက်ရှိနိုင်ပါတယ်။