ချယ်လ်ဆီးအသင်းကတော့ လာမယ့်နွေရာသီစျေးကွက်အတွင်းမှာ အသင်းရဲ့ ဝါရင့်တောင်ပံကစားသမားတွေဖြစ်တဲ့ ပတ်ဒရိုနဲ့ ဝီလီယံတို့(၂)ယောက်ကို အသင်းကနေ ရောင်းချသွားဖို့ရှိနေတဲ့အတွက် သူတို့နေရာမှာ ပြန်လည်အစားထိုးနိုင်အောင် တောင်ပံကစားသမားတွေကို လိုက်လံရှာဖွေလို့နေပြီး လတ်တလောမှာတော့ ပေါ်တိုအသင်းရဲ့ မက္ကဆီကိုတောင်ပံတိုက်စစ်ကစားသမား ဂျီဆပ်ကိုရိုနာကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Getty Image

အသက်(၂၇)နှစ်အရွှယ်ရှိ မက္ကဆီကို တောင်ပံတိုက်စစ်ကစားသမားကိုရိုနာဟာ ၂၀၁၅ခုနှစ်ကမှ နယ်သာလန်ကလပ် အက်စ်စီတွမ်တီးအသင်းကနေ ပေါ်တိုအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီမှာ ပေါ်တိုအသင်းအတွက် ပြိုင်ပွဲစုံ(၄၁)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၂)ဂိုး ရယူထားသလို ဂိုးဖန်တီးမှုကိုတော့ (၁၇)ကြိမ်အထိတောင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ညာတောင်ပံနေရာမှာ အဓိက ကစားတတ်သူဖြစ်သလို ဘယ်တောင်ပံနေရာမှာလည်း ကစားတတ်တဲ့ ကိုရိုနာကို ချယ်လ်ဆီးအသင်းဘက်ကနေ ခေါ်ယူဖို့ သူ့ကို ဆက်သွယ်လာခဲ့တယ်လို့ ကိုရိုနာရဲ့အေးဂျင့်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Image

ကိုရိုနာရဲ့ အေးဂျင့် ဘွန်ဂဲလ်က “ကျွန်တော်တို့တွေ ချယ်လ်ဆီးအသင်းနဲ့ စကားပြောဆိုမှုတွေတော့ လုပ်ဆောင်ခဲ့ပါတယ်။ အခုသူ့ကို ချယ်လ်ဆီးဘက်က ခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေတာလားဆိုတာတော့ ကျွန်တော်မပြောနိုင်ဘူး။ ကောလဟာလတွေကတော့ အများကြီးပဲထွက်နေကြတယ်။ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်သလို လိဂ်ပွဲတွေ ပြန်စတင်ဖို့လည်း စောင့်ဆိုင်းရဦးမှာပါ။ လောလောဆယ်တော့ သူရဲ့ စာချုပ်က သက်တမ်း(၂)နှစ် ကျန်ရှိနေပါသေးတယ်။ သူက ပေါ်တူဂီလိဂ်မှာ ခြေစွမ်းပြရင်းနဲ့ သူရဲ့အရည်အသွေးကို အသင်းကြီးတွေကနေ သတိထားလာမိတာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ကိုရိုနာကို ခေါ်ယူဖို့ မချိတ်ဆက်ခင်ကလည်း ချန်ပီယံရှစ်ကလပ် ဘရန့်ဖိုဒ့်အသင်းက တောင်ပံတိုက်စစ်ကစားသမား ဘန်ရာမာကိုလည်း ပစ်မှတ်ထားနေသေးပြီး အယ်ဂျီးရီးယားမက်ဆီလို့ တင်စားခေါ်ဆိုခံထားရတဲ့ ဘန်ရာမာအတွက်တော့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၃၀)လောက် အသုံးပြုရဖွယ်ရှိကာ ကိုရိုနာအတွက်တော့ ပေါင်သန်း(၂၀)လောက်ပဲ သုံးစွဲရနိုင်ပါတယ်။