နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ယောက်ကို အမှန်အကန် အလိုရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ လတ်တလောမှာတော့ အသင်းရဲ့ ခံစစ်ပိုင်းကို ပိုမိုမာကြောနေဖို့အတွက် ပီအက်စ်ဂျီအသင်းမှာ ပုံမှန်နေရာ တစ်နေရာ ပျောက်ဆုံးရဖွယ် ရှိလို့နေတဲ့ နောက်ခံကစားသမား ကင်ပမ်ဘေကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်နာမည်ကျော် သတင်းမီဒီယာ L’Equipe ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : The Mirror

အသက်(၂၅)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ပီအက်စ်ဂျီ လူငယ်အသင်းမှာ ၂၀၀၅ခုနှစ်ကတည်းက ပါဝင်ကစားလာခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ်ကနေစတင်ကာ အသင်းရဲ့ စီနီယာအသင်းကြီးအတွက် ကစားခွင့်ရလာခဲ့သူလည်းဖြစ်ပါတယ်။ ကင်ပမ်ဘေဟာ လက်ရှိမှာလည်း ပီအက်စ်ဂျီအသင်းရဲ့ အဓိက နောက်ခံကစားသမားတစ်ယောက် ဖြစ်နေရပေမယ့်လည်း ပီအက်စ်ဂျီဘက်ကနေ ဝါရင့် စပိန်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ကို ခေါ်ယူထားခဲ့သလို အသင်းရဲ့ခံစစ်မှာကလည်း အသင်းခေါင်းဆောင် မာကွင်ဟို့စ်လည်း ရှိနေတာကြောင့် ကင်ပမ်ဘေအတွက် နေရာပျောက်ဆုံးဖို့က အခြေအနေများလို့နေတာ ဖြစ်ပါတယ်။

Photo Credit : News in 24

ဒီလို အခြေအနေမျိုး ရှိနေရတဲ့ ဗဟိုနောက်ခံကစားသမား ကင်ပမ်ဘေကို ချယ်လ်ဆီးအသင်းကနေ စိတ်ဝင်စားလာခဲ့ပြီး ခေါ်ယူသွားဖို့ စတင်ပစ်မှတ်ထားလာခဲ့တယ်လို့ ပြင်သစ်မီဒီယာတွေကနေ ဖော်ပြလာခဲ့သလို လက်ရှိမှာ ရီးယဲလ်နောက်ခံလူ ရာဖယ်ဗာရန်းကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း ဗာရန်းကိုသာ မခေါ်ယူနိုင်ခဲ့ရင် ကင်ပမ်ဘေကို ပြောင်းလဲပစ်မှတ်ထားလာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းကတော့ အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားတစ်ယောက်ကို အသင်းကနေ အလွယ်တကူ ရောင်းချသွားဖွယ် မရှိသလို သူရဲ့စာချုပ်သက်တမ်းကလည်း ၂၀၂၄ခုနှစ်အထိကို သက်တမ်းရှိနေသေးတာဖြစ်လို့ ပြောင်းရွှေ့ကြေးကို တိုးမြှင့်တောင်းဆိုလာနိုင်ပါတယ်။ လတ်တလောမှာ နော်ဝေကြယ်ပွင့် အာလင်းဟာလန်းကို အသင်းဆီ အရခေါ်ယူနိုင်ရေးအတွက်ကိုသာ ဦးစားပေး လုပ်ဆောင်နေတဲ့ ချယ်လ်ဆီးအနေနဲ့ တိုက်စစ်ပိုင်းကို အရင်အားဖြည့်ပြီးသွားမှသာ ခံစစ်ပိုင်းအတွက် အင်အားဖြည့်မှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပေမယ့် ကင်ပမ်ဘေကို ခေါ်ယူသွားနိုင်ဖို့ကတော့ ခက်ခက်ခဲခဲ ကြိုးစားရဖွယ် ရှိနေပါတယ်။