ချယ်လ်ဆီးအသင်းကတော့ သူတို့အသင်းရဲ့ အယ်လ်ဘေးနီးယား တိုက်စစ်မှူး အာမန်ဒို ဘရိုဟာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၅၀)အထိ ဈေးသတ်မှတ်ထားလိုက်ပြီး အဲ့ဒီတန်ကြေးနဲ့ ကမ်းလှမ်းလာမှသာ ရောင်းချသွားမယ်လို့ အသိပေးလိုက်ပါတယ်။

ဘရိုဟာကို ပရီးမီးယားလိဂ်က ဝုလ်ဗ် ၊ ဝက်စ်ဟမ်း ၊ ဖူလ်ဟမ်အသင်းတွေက စိတ်ဝင်စားနေကြသလို ပရီးမီးယားလိဂ်ပြင်ပက ကလပ်အသင်းတွေကလည်း စောင့်ကြည့်လျက် ရှိနေချိန် ချယ်လ်ဆီးဘက်က သူတို့ကစားသမားရဲ့ တန်ကြေးကို ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No History

အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူး ဘရိုဟာဟာ ဗွီတက်ဆီ ဆောက်သမ်တန်အသင်းတွေမှာ အငှား ကစားသမားအဖြစ် ကျင်လည်ခဲ့ဖူးပြီး ချယ်လ်ဆီးအသင်းအတွက်ကိုတော့ ပွဲအနည်းငယ်လေးသာ ကစားထားခဲ့ရပါတယ်။ ဒါကလည်း ဘရိုဟာရဲ့ ဒူးဒဏ်ရာဆိုးကြောင့်ဖြစ်ပြီး ဒီဒဏ်ရာကြောင့်ပဲ အချိန်ကာလ အကြာကြီးပါ အနားယူခဲ့ရပါတယ်။

ဘရိုဟာက ပြီးခဲ့တဲ့ ရာသီထဲ ဗီလာနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားရင်း ဆိုးရွှားတဲ့ ဒူးဒဏ်ရာ ရရှိသွားရင်း ဒီရာသီမှသာ ပြန်လည် ပါဝင်ခဲ့ရပေမယ့် ဘရိုဟာအနေနဲ့ ဒီရာသီထဲ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲအတွင်း (၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာ ဘရိုဟာကို ကလပ်အသင်း တော်တော်များများက စိတ်ဝင်စားနေတာမို့ ချယ်လ်ဆီးအနေနဲ့ သူတို့ကစားသမားကို ရောင်းထုတ်ဖို့ စီစဉ်လာခဲ့ပြီး ဘရိုဟာဆီကနေလည်း ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၅၀)လောက်အထိ ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ချယ်လ်ဆီးကတော့ ဘရိုဟာကို ရောင်းထုတ်ပြီးပြီဆိုရင် တိုက်စစ်ကစားသမား တစ်ဦးကို ယာယီအနေနဲ့ အစားထိုးသွားဖို့ ရှိနေပြီး သူတို့ အလိုချင်ဆုံး တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်ကိုတော့ လာမယ့်နွေမှသာ သေချာပေါက် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။