ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က သူအနေနဲ့ ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ နော်ဝေတိုက်စစ်မှူးလေး အာလင်းဟာလန်းကို ချယ်လ်ဆီးအသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားမှု ရှိခဲ့ကြောင်းနဲ့ ဟာလန်းအကြောင်းနဲ့ ပတ်သက်ပြီးတော့ကိုလည်း အသင်းတာဝန်ရှိသူးတွေနဲ့ အမြဲလိုလို ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းက အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား အာလင်းဟာလန်းကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့် ခေါ်ယူဖို့က အဆင်မပြေနိုင်ခဲ့တာကြောင့် ဟာလန်းအစား အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လူကာကူကိုပဲ အင်တာမီလန်ကနေ ပြန်လည်ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ လူကာကူကိုသာ ခေါ်ယူဖြစ်ခဲ့ပေမယ့် သူတို့အသင်းဘက်က ဟာလန်းကိုလည်း ခေါ်ယူဖို့ အမှန်တကယ် စိတ်ဝင်စားခဲ့ကြောင်း ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Express

ဟာလန်းနဲ့ပတ်သက်ပြီး နည်းပြတူဟယ်လ်က “ဟာလန်းရဲ့အကြောင်းကို ကျွန်တော်တို့တွေ နှစ်ကြိမ်လောက် ပြောဖြစ်ခဲ့သေးတယ်။ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာရောပေါ့။ ဒါပေမယ့် ဒါတွေက လုံးဝကို လက်တွေ့မဆန်ခဲ့သလို ဖြစ်နိုင်ခြေလည်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့တွေ ဟာလန်းရဲ့အကြောင်းကို ပုံမှန်လောက်ကို ပြောဆိုဖြစ်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းကို ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်နေတာကြောင့်ပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဟာလန်းကို မခေါ်ယူနိုင်ခဲ့တာကြောင့် လူကာကူကိုပဲ ခေါ်ယူခဲ့ပေမယ့် လာမယ့်နွေစျေးကွက်မှာ ဟာလန်းကို ထပ်မံခေါ်ယူနိုင်ဦးမလားလို့ မေးမြန်းလာခဲ့ရာ တူဟယ်လ်က “ကျွန်တော်တို့ဘက်က ဒီလိုဖြစ်လာဖို့အတွက် အလေးအနက်ထားနေမယ်လို့ ကျွန်တော်မထင်မိဘူး။ ဒါပေမယ့် လာမယ့်ရက်သတ္တပတ်အတွင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပေါ့” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ဟာလန်းကို ချယ်လ်ဆီးအပါအဝင် မန်စီးတီး ပီအက်စ်ဂျီ မန်ချက်စတာယူနိုက်တက် ဘာစီလိုနာအသင်းတွေကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။