ချယ်လ်ဆီးအသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ ကစားသမားသစ် ခေါ်ယူခွင့်မရှိလို့ အသင်းရဲ့ရှိရင်းစွဲကစားသမားတွေနဲ့ပဲ ၂၀၁၉-၂၀၂၀ ဘောလုံရာသီကို ဖြတ်သန်းခဲ့ရပါတယ်။ အသင်းရဲ့နေရာစုံမှာ လိုအပ်ချက်တွေနဲ့ ဘောလုံးရာသီတစ််ခုကို ဖြတ်သန်းနေရတာဖြစ်လို့ ရလဒ်တည်ငြိမ်မှုအပိုင်းမှာ အားနည်းချက်တွေရှိခဲ့တာကြောင့် အဆင့်(၄)နေရာကို ရရှိထားပေမယ့် အောက်ကအသင်းတွေနဲ့ ရမှတ်အပြတ်အသတ် ဖြတ်တောက်ထားနိုင်ခြင်းမရှိသေးတာကြောင့် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်မလားဆိုတာ အသေအချာ ပြောလို့မရနိုင်သေးတဲ့ အနေအထားမှာ ရှိနေရပါတယ်။

Photo Credit : Eurosport

ဒါကြောင့်မို့ ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ကစားသမားသစ်တွေ အင်အားဖြည့်တင်းသွားဖို့ ပြင်ဆင်နေပြီး ကစားသမားများစွာကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။ ဒီပစ်မှတ်တွေထဲမှာ ပေါ်တိုဘယ်နောက်ခံကစားသမား အဲလက်စ်တဲလ်လက်စ်လည်း အပါအဝင်ဖြစ်လို့နေပြီး အသင်းနဲ့ လက်တွဲဖြုတ်ကြတော့မယ့် အလွန်ဆိုနဲ့အီမာဆန်တို့နေရာအတွက် တဲလ်လက်စ်နဲ့ အစားထိုးချင်နေတာဖြစ်ကာ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

Photo Credit : Forbes

ဒါပေမယ့် ဘရာဇီးကနေ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဒီအသက်(၂၇)နှစ်အရွှယ် ဘရာဇီးနောက်ခံအစွန်လူဟာ ပေါ်တိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ပေါင်(၂၁.၈)သန်းနဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ တဲလ်လက်စ်ဟာလည်း ပေါ်တိုအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်၂၀၂၁ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ပေါ်တိုဘက်ကနေ ဒီနှစ်နွေစျေးကွက်မှာ တဲလ်လက်စ်ကို မဖြစ်မနေ ရောင်းထုတ်ဖို့လိုအပ်နေပြီး မဟုတ်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှံးရတော့မှာဖြစ်ပါတယ်။ အခု ထွက်ပေါ်နေတဲ့ သတင်းတွေကလိုသာ တဲလ်လက်စ်က ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိခဲ့မယ်ဆိုရင်တော့ ချယ်လ်ဆီးအသင်းအနေနဲ့ လက်စတာအသင်းရဲ့အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ဘန်ချီဝဲလ်ကိုပဲ ပြန်လည်ပစ်မှတ်ထားလာနိုင်ပေမယ့် ချီဝဲလ်ကို ခေါ်ယူမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)လောက်အထိ သုံးစွဲလာရနိုင်ပါတယ်။