ဆွီဒင် ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဘရာဟီမိုဗစ်က သူရဲ့ ကလပ်အသင်းဟောင်းတွေထဲကမှ တစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းရဲ့ သမိုင်းကြောင်းတလျှောက် တစ်ကြိမ်တစ်ခါမှကို မဆွတ်ခူးထားဖူးသေးတဲ့ ဥရောပချန်ပီယံလိဂ်ကို ပထမဆုံးအကြိမ်အဖြစ် ရယူသွားနိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဖြစ်ကြောင်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းနဲ့ ဥပမာပေးပြီး သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Ligue 1

အသက်(၄၀)အရွှယ် ရောက်ရှိနေပြီဖြစ်တဲ့ မိုဗစ်ဟာ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းမှာ ၂၀၁၂ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ (၄)ရာသီကြာ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၁၈၀)အထိ ပါဝင်ကစားခဲ့ပြီးနောက် သွင်းဂိုးစုစုပေါင်း (၁၅၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အသင်းနဲ့ ပြင်သစ်လီဂူးဖလားကို ဘောလုံးရာသီတိုင်းမှာ ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အလှမ်းဝေးနေခဲ့ရသလို ပီအက်စ်ဂျီအသင်းအနေနဲ့ကလည်း လက်ရှိအချိန်ထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒုတိယနေရာထိကိုသာ အမြင့်ဆုံးထိ ရောက်ရှိခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ရတာ ဖြစ်ပေမယ့် ပြိုင်ဘက်ဘိုင်ယန်ကို ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Sportskeeda

ဒါပေမယ့် ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်း မိုဗစ်ကတော့ သူရဲ့အသင်းဟောင်းဟာ ချန်ပီယံလိဂ် အောင်မြင်မှုကို စတင်ရယူသွားနိုင်ဖို့အတွက် လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေပြီဖြစ်ကြောင်းကို “ကမ္ဘာကြီးကို ဦးဆောင်နေရခြင်းက နှစ်ဆယ့်လေးနာရီအတွင်းနဲ့ မဖြစ်လာနိုင်ဘူး။ ဒါက အတတ်အကျတွေ ပါဝင်နေတဲ့ မာရသွန်ပြိုင်ပွဲ တစ်ခုလိုပါပဲ။ ချယ်လ်ဆီးအသင်းဆိုရင် သူတို့အသင်းကို ရိုမန်အေဘရာမိုဗစ်ချ် ဝယ်ယူပြီး (၉)နှစ်အကြာမှပဲ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့တာ။ အရည်အသွေး အပြည့်အဝရှိတဲ့ ကစားသမားတွေကို စီမံခန့်ခွဲရတာ ကိုင်တွယ်ရတာက မလွယ်ကူပါဘူး။ ကျွန်တော်မြင်မိတာကတော့ ပီအက်စ်ဂျီအသင်းက သူတို့လုပ်စရာ ရှိတာတွေကို လုပ်နေတယ်ဆိုတာပါပဲ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီး လိုက်ပ်ဇစ် ကလပ်ဘရုဂေးအသင်းတွေနဲ့ ချန်ပီယံလိဂ်မှာ တစ်အုပ်စုတည်း ကျရောက်ခဲ့တာဖြစ်ပြီး အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းထားခဲ့ပြီး နောက်တစ်ဆင့်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းလည်းဖြစ်ပြီး အသင်းနည်းပြဟောင်း အန်စလော့တီ ကိုင်တွယ်နေတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။