ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၄၅)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးတိုက်စစ်ကစားသမားလေး ဖီလစ်ပီကော်တင်ဟိုဟာ ဘာစီလိုနာမှာ အံ့ဝင်ခွင်ကျဖြစ်အောင် မကစားနိုင်ပဲ ရုန်းကန်နေရတာကြောင့် ဘာစီလိုနာက သူ့ကို အသင်းကနေ ရောင်းထုတ်ချင်နေပြီး လက်ရှိမှာလည်း ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်းများစွာကနေ ကော်တင်ဟိုကို စောင့်ကြည့်လျက်ရှိနေကာ ဒီထဲကမှ ချယ်လ်ဆီးအသင်းကတော့ ကော်တင်ဟိုကို စိတ်ဝင်အစားဆုံးဖြစ်လို့နေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က လာမယ့်ရာသီမှာ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ကော်တင်ဟိုကို အဓိကပစ်မှတ်ထားလို့နေပြီး ဘာစီလိုနာအသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက သူတို့ရဲ့ ကစားသမားအတွက် အငှားမချလိုတော့ပဲ အပြီးသတ်သာရောင်းချချင်နေပြီး ပြောင်းရွှေ့ကြေးကို ပေါင်(၆၆)သန်းလောက်အထိ ပြန်လည်ရယူလိုနေတာကြောင့် ဒီပမာဏကို ချယ်လ်ဆီးဘက်ကနေ မသုံးစွဲလိုတာကြောင့် အပြောင်းအရွှေ့က ပျယ်ပြယ်ဖွယ်ရှိနေပါတယ်။

ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ လီဗာပူးလ်အသင်းမှာ အစွမ်းကုန်တောက်ပနိုင်ခဲ့ပေမယ့်လည်း ဘာစီလိုနာမှာတော့ မက်ဆီ ဆွာရက်ဇ်တို့ အသင်းရဲ့တိုက်စစ်မှာ လိုက်ဖက်အောင် မကစားနိုင်တာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကလည်း ကော်တင်ဟိုကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိသလို ဘာစီလိုနာကလည်း ကော်တင်ဟိုကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖွယ်မရှိလို့ နောက်ထပ်အသင်းတစ်သင်းသင်းဆီကိုပဲ ပြောင်းရွှေ့ရဖို့ရှိနေပါတယ်။ ကော်တင်ဟိုကို ခေါ်ယူမယ့်အရေးကို လက်လျှော့လိုက်ရဖွယ်ရှိနေတဲဲ့ ချယ်လ်ဆီးအသင်းကတော့ ကော်တင်ဟိုအစား အသက်(၂၀)အရွှယ်သာရှိသေးတဲ့ လေဗာကူဆင်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ကိုပဲ အစားထိုးခေါ်ယူဖွယ်ရှိနေပါတယ်။