MySport Myanmar

မန်စီးတီးရဲ့ စတာလင်အပြင် နေသန်အကီကိုပါ ခေါ်ယူသွားဖို့ ကြိုးပမ်းလာတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရာဟင်စတာလင်ကို ခေါ်ယူသွားဖို့ အလားအလာကောင်းနေရတဲ့အပြင် သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နယ်သာလန် နောက်ခံလူ နေသန်အကီကိုပါ စတာလင်နဲ့အတူ ခေါ်ယူသွားချင်နေတယ်လို့ The Telegraph သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား နေသန်အကီဟာ အသက်(၁၅)နှစ်ကတည်းက ချယ်လ်ဆီးလူငယ် အကယ်ဒမီဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ချယ်လ်ဆီးစီနီယာအသင်းအတွက် (၄)ရာသီအတွင်း (၇)ပွဲခန့်သာ ပါဝင်ခဲ့ရပြီး ရက်ဒင်း ဝက်ဖို့ဒ် ဘုန်းမောက်အသင်းတို့ကို အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ရပါတယ်။ ၂၀၁၇ခုနှစ်မှာ ဘုန်းမောက်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ အကီဟာ ဘုန်းမောက်အတွက် အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပြီးနောက် (၃)နှစ်အကြာမှာပဲ ပရီးမီးယားလိဂ် ထိပ်တန်းအသင်း မန်စီးတီးဆီကို ပေါင်(၄၁)သန်းနဲ့ ထပ်မံပြောင်းရွှေ့ခွင့် ရရှိလာခဲ့ရပါတယ်။

Photo Credit : TEAMtalk

ရူဘင်ဒီယက်စ် လာပေါ့တ်နဲ့ ဂျွန်စတုန်းစ်တို့လို ခံစစ်ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မန်စီးတီးအသင်းရဲ့ ခံစစ်ပိုင်းမှာ ဒီလို ခံစစ်မှူးတွေကို ကျော်လွန်ပြီး ပုံမှန်နေရာရဖို့ ခက်ခဲနေရတဲ့ အကီကို မန်စီးတီးဘက်က အခုနှစ် နွေဈေးကွက်ထဲမှာ အသင်းကနေ ရောင်းထုတ်ချင်နေပါတယ်။ ဒီလို အနာဂတ်မျိုး ရှိနေရတဲ့ နေသန်အကီကို သူနဲ့အတူ ဘုန်းမောက်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြအက်ဒီဟောင်းက နယူးကာဆယ်အသင်းဆီ ခေါ်ဆောင်သွားချင်သလို အကီရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းကပါ အကီကို ပြန်လည်ခေါ်ယူချင်လာခဲ့တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွတ်ထားရတဲ့အပြင် အသင်းဘက်က ပြန်လည်အလိုရှိနေတဲ့ ခွန်ဒေ ဒီလစ် ကူလီဘလီတို့ကိုလည်း ခေါ်ယူဖို့ ခဲယဉ်းနေတာကြောင့် အသင်းရဲ့ ကစားသမားဟောင်း အကီကို ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် မန်စီးတီးရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား စတာလင်အပြင် ခံစစ်ပိုင်းအတွက်လည်း နယ်သာလန် ခံစစ်မှူး နေသန်အကီကိုပါ တစ်ပေါင်းတည်း ခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version