တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အဆင်မပြေနိုင်တော့တာကြောင့် ဟာလန်းအစား အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်ဂိုးသွင်းစက်ကြီး ရောဘတ်လီဝန်ဒေါစကီးကိုပဲ ပြောင်းလဲပစ်မှတ်ထားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ ဂိုးသွင်းအား သိပ်မကောင်းလှတဲ့ တိုက်စစ်ပိုင်းအတွက် နော်ဝေလူငယ်ကြယ်ပွင့် ဟာလန်းကို အလိုရှိနေတာဖြစ်ပေမယ့် ဒေါ့မွန်အသင်းဘက်က သူတိုရဲ့ အဓိက ကစားသမားကို ဒီနှစ်နွေမှာ ရောင်းထုတ်သွားဖို့ လုံးဝဆန္ဒမရှိတဲ့အတွက် ချယ်လ်ဆီးအသင်းအနေနဲ့ ဟာလန်းကို ခေါ်ယူမယ့်ကိစ္စကို လက်လျော့လိုက်ရဖွယ် ရှိနေရပါတယ်။ ချယ်လ်ဆီးဟာ ဟာလန်းအတွက် ပြောင်းရွှေ့ကြေး အပါအဝင် အေဘရာဟမ် ဒါမှမဟုတ် အိုဒွိုင်းတို့ထဲက ကစားသမားတစ်ယောက်နဲ့ အလိုက်ပေး ကမ်းလှမ်းခဲ့ပေမယ့်လည်း ဒေါ့မွန်ဘက်ကနေ ပယ်ချထားခဲ့ပါတယ်။

Photo Credit : The Sun

ဒါကြောင့် ချယ်လ်ဆီးအသင်းဘက်က ပစ်မှတ်ပြောင်းလဲလိုက်ရပြီး လတ်တလောမှာ အနာဂတ် အခြေအနေတွေ လှုပ်ခတ်လျက် ရှိလို့နေတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးကို ပစ်မှတ်ထားလာခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် အဓိက ဂိုးသွင်းစက် ဖြစ်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က အသင်းနဲ့ စာချုပ်သက်တမ်း မပြည့်ခင်မှာပဲ အသင်းကနေ ထွက်ခွာချင်နေပြီး သူမကစားဖူးသေးတဲ့ လိဂ်တစ်ခုမှာ အတွေ့အကြုံသစ်တွေကို ရှာဖွေဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ သူရဲ့ဘောလုံးသမားဘဝ အချိန်အများစုကို ဂျာမန်ဘွန်ဒစ်လီဂါမှာပဲ ဖြတ်သန်းခဲ့ရတာဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်လို အမှတ်ပေးလိဂ်မျိုးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလို့နေပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ လီဝန်ဒေါစကီး ချယ်လ်ဆီးအသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ စတင်ကမ်းလှမ်းလာဖွယ် ရှိနေပြီး ကစားသမားတစ်ယောက်ပါ အလိုက်ပေး ကမ်းလှမ်းရဖွယ်ပါ ရှိနေတဲ့အတွက် ဘိုင်ယန်ဘက်က အလိုရှိနေတဲ့ အိုဒွိုင်းကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ထည့်သွင်းကမ်းလှမ်းရနိုင်ပါတယ်။