MySport Myanmar

ပစ်မှတ်ဟောင်း အန်ဇိုဖာနန်ဒက်ဇ်ကို ထပ်မံ ကြိုးပမ်းသွားဖို့ ရှိနေပြန်တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ပစ်မှတ်ဟောင်းဖြစ်သူ အာဂျင်တီးနားကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ကို အခု ဆောင်းဈေးကွက်ထဲမှာပဲ အရ ခေါ်ယူသွားဖို့တွက် ကြိုးပမ်းမှုတွေ ထပ်မံ ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ ပေါ်တူဂီ သတင်းမီဒီယာ Record ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့သလို ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့တဲ့ လူငယ် ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ကမ္ဘာ့ဖလားအပြီးကတည်းက ဥရောပထိပ်သီး ကလပ်အသင်းများစွာရဲ့ ပစ်မှတ် ဖြစ်လာခဲ့ရသလို ချယ်လ်ဆီးအသင်းကလည်း အန်ဇိုဖာနန်ဒက်ဇ်ကို တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ လက်ရှိကလပ် ဘင်ဖီကာအသင်းက သူတို့ ကြယ်ပွင့်ကစားသမားအတွက် စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရိုသန်း(၁၂၀)နဲ့ ကမ်းလှမ်းလာမှသာ အန်ဇိုဖာနန်ဒက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့်ပြုမယ်လို့ အသိပေးလာခဲ့ပါတယ်။

Photo Credit : Twitter

ချယ်လ်ဆီးက အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့အတွက် ဘင်ဖီကာအသင်းနဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ပြီး ဘင်ဖီကာဘက်က သတ်မှတ်ထားတဲ့အတိုင်း ယူရိုသန်း(၁၂၀)နဲ့ ကမ်းလှမ်းဖို့ သဘောတူထားခဲ့ပေမယ့် တကယ်တမ်း ကမ်းလှမ်းလာချိန်မှာ ပြောင်းရွေ့ကြေးကို ညှိနှိုင်းမှုတွေ ရှိလာတဲ့အတွက် အပြောင်းအရွေ့က ပျက်သွားခဲ့ရတယ်လို့ ဘင်ဖီကာ တာဝန်ရှိသူကနေ ထုတ်ပြန်ထားခဲ့ပါတယ်။ ချယ်လ်ဆီးဘက်က ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့အတွက် သူတို့အသင်းအပေါ် လေးစားမှုကင်မဲ့စွာ လုပ်ဆောင်ခဲ့သလို ကစားသမားကိုလည်း အရူးလုပ်ခဲ့တယ်လို့ ဘင်ဖီကာနည်းပြက စွပ်စွဲထားခဲ့ပေမယ့် ချယ်လ်ဆီးက အခုဈေးကွက်အတွင်းမှာပဲ ဖာနန်ဒက်ဇ်ကို ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်လာဦးမယ်လို့ Record ကနေ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖာနန်ဒက်ဇ် အပြောင်းအရွေ့နဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးနဲ့ ဘင်ဖီကာတို့ကြားမှာ ဆက်ဆံရေးပိုင်း အဆင်မပြေ ဖြစ်လာနိုင်သလို ချယ်လ်ဆီးဘက်က ဖာနန်ဒက်ဇ်အတွက် ကမ်းလှမ်းမှု ထပ်လုပ်လာမယ်ဆိုရင်တောင် သူတို့သတ်မှတ်ထားတဲ့ ယူရိုသန်း(၁၂၀)နဲ့မှသာ လက်ခံသွားဖွယ် ရှိနိုင်ပါတယ်။

Exit mobile version