ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၆)မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၁၆နှစ် အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဦးဆုံး အကြိမ် အဖြစ် ၃ပွဲဆက် ရှုံးနိမ့်ခဲ့ရကြောင်း သိရပါတယ်။

နယူးကာဆယ်ရဲ့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်မှာတော့ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ကြည့်ကောင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပြီး အိမ်ရှင်ဖြစ်တဲ့ နယူးကာဆယ်ကတော့ ပရိသတ်အားနဲ့အတူ ချယ်လ်ဆီးထက် ပိုကောင်းအောင် ကစားပြနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ချယ်လ်ဆီးကတော့ အဝေးကွင်းမှာ ပုံမှန် ခြေစွမ်းသာ ပြနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို အပိုင် အသုံးမချနိုင်ခဲ့သလို ကွင်းလယ်ပိုင်းကလည်း တိုက်စစ်ကို ကူညီပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ ချယ်လ်ဆီးက နယူးကာဆယ်ရဲ့ တိုက်စစ်တွေကို ခုခံ ကစားရင်းနဲ့သာ အချိန်ကုန်ဆုံးခဲ့ရပြီး ပွဲချိန် ၆၇မိနစ်မှာတော့ တောင်ပံတိုက်စစ် ကစားသမား ဝီးလော့က နယူးကာဆယ် အတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

နယူးကာဆယ် ၁-၀ ချယ်လ်ဆီးပွဲ အပြီးမှာတော့ နယူးကာဆယ်က သူတို့အသင်းရဲ့ အဆင့်၃နေရာကို ဆက်လက် ရယူထားနိုင်ဆဲ ဖြစ်ပြီး ရှုံးပွဲတွေ့သွားတဲ့ ချယ်လ်ဆီးကတော့ အဆင့်၈နေရာ အထိ ရောက်ရှိသွားသလို အဆင့်၄နေရာက စပါးနဲ့ ရမှတ် ၈မှတ် အထိ ကွာဟသွားတာကြောင့် အဆင့်၄အတွင်း ဝင်ရောက်နိုင်ဖို့ ရုန်းကန်ရတော့မှာပါ။

Photo Credit: Mirror

နယူးကာဆယ်နဲ့ပွဲမှာ ရှုံးပွဲ ကြုံခဲ့ရပြီးနောက် ချယ်လ်ဆီးက ပြိုင်ပွဲစုံ နောက်ဆုံး ကစားထားတဲ့ ၅ပွဲမှာ ၄ပွဲရှုံး ၊ ၁ပွဲနိုင် ဆိုတဲ့ ရလဒ်ဆိုးကို ရရှိခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၀၆ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုး တခုကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။