MySport Myanmar

နွေဈေးကွက်ရဲ့ အသုံးစရိတ် အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ချယ်လ်ဆီး

၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ နွေဈေးကွက်ဟာ ယနေ့မနက် အစောပိုင်းမှာတင် တရားဝင် ပိတ်သိမ်းသွားခဲ့ပြီ။ ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်း ငွေသုံးအများဆုံး ဘောလုံးလိဂ်ကတော့ ထုံးစံအတိုင်းပဲ အများကြိုက်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပဲ ဖြစ်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်က ယခု နွေဈေးကွက် အတွင်း အသားတင် အသုံးစရိတ် ယူရို ၁.၃ ဘီလီယံကျော် အထိ ရှိခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်က နွေဈေးကွက် အတွင်းမှာ ငွေသုံးအများဆုံး ဘောလုံးလိဂ်အဖြစ် မှတ်တမ်းဝင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကလည်း ယခု နွေဈေးကွက်ရဲ့ အသုံးစရိတ် အများဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Sport Bible

ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးကမှ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းအတွက် ကစားသမားသစ် ၈ဦး အထိ ဝယ်ယူခဲ့သလို အဆိုပါ ကစားသမားတွေ အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၂၅၇သန်း ဝန်းကျင် အထိ သုံးစွဲခဲ့တာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးက တောင်ပံတိုက်စစ် ကစားသမား စတာလင်း အတွက် ပေါင် ၄၅သန်း ၊ ဗဟိုခံစစ်မှူး ကူလီဘလီ အတွက် ပေါင် ၃၂သန်း ၊ ဘယ်နောက်ခံလူ ကူကူရယ်လာ အတွက် ပေါင် ၅၅သန်း ၊ ဗဟိုခံစစ်မှူး ဖိုဖာနာအတွက် ပေါင် ၆၉.၅သန်း ၊ တိုက်စစ်မှူး အူဘာမီယန်း အတွက် ပေါင် ၁၀သန်း ၊ လူငယ်ကွင်းလယ်လူ ချူကွေမီကာ အတွက် ပေါင် ၂၀သန်း ၊ နောက်ထပ် လူငယ်ကွင်းလယ်လူ တဦး ဖြစ်သူ ကာဆာဒီအတွက် ပေါင် ၁၃သန်းနဲ့ ဂိုးသမား ဆလိုနီနာအတွက် ပေါင် ၁၃သန်း အသီးသီး သုံးစွဲခဲ့တာ ဖြစ်ပြီး နောက်ထပ် ကွင်းလယ်လူ တဦး ဖြစ်သူ ဇာကာရီယာကို တရာသီအငှားနဲ့ ထပ်မံ ခေါ်ယူထားပါသေးတယ်။

Photo Credit: Sport Bible

ဒါကြောင့်ပဲ ချယ်လ်ဆီးက ဒီနွေဈေးကွက်ရဲ့ အသုံးစရိတ် အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးဟာ ကစားသမား ရောင်းချရာကနေ ပေါင် ၄၇သန်းကျော် ပြန်လည် ရရှိခဲ့တယ်လို့ အချက်အလက်တွေ အရ သိရပါတယ်။

ချယ်လ်ဆီးက တိုက်စစ်မှူး တီမိုဗာနာကို ရောင်းချရာကနေ ပေါင် ၁၇သန်းကျော် ၊ ဘယ်နောက်ခံလူ အီမာဆန်ကို ရောင်းချရာကနေ ပေါင် ၁၃သန်းကျော် ၊ လူငယ်ကွင်းလယ်လူ ဂေးလ်မောကို ရောင်းချရာကနေ ပေါင် ၉သန်း ၊ တိုက်စစ်မှူး လူကာကူကို အငှားချရာကနေ ပေါင် ၇သန်း ဝန်းကျင်နဲ့ နောက်ခံလူ ဆားလ်ကို အငှားချရာကနေ ပေါင် ၁သန်း ဝန်းကျင် ပြန်လည် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version