ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ကစားသမား အင်အား အတောင့်တင်းဆုံး ဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ အင်္ဂလန် နောက်ခံလူ ဂျွန်စတုန်းကို ခေါ်ယူဖို့အတွက် ကြိုးစားလာတယ် လို့ အင်္ဂလန် သတင်း မီဒီယာတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၆နှစ်အရွယ် သာ ရှိသေးတဲ့ အင်္ဂလန် ခံစစ်မှူး ဂျွန်စတုန်းဟာ ၂၀၁၆ ခုနှစ်ကမှ အဲဗာတန်အသင်း ကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၄၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး အဆိုပါ အချိန်တုန်းက မန်စီးတီးအသင်းရဲ့ အားထားရတဲ့ အဓိက နောက်ခံလူ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေး ခံခဲ့ရသူပါ။

Photo Credit: Daily Mail

ဒါပေမယ့် ဂျွန်စတုန်းဟာ မန်စီးတီးအသင်းကို ရောက်ရှိအပြီးမှာ ထင်ထားသလို ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိပဲ အသင်းကို ရောက်ရှိအပြီး ၄နှစ်အကြာမှာပဲ အရောင်းစာရင်း တင်ခံခဲ့ရပါတယ်။ လက်ရှိ အချိန်မှာတော့ မန်စီးတီးအသင်း ဟာ ဂျွန်စတုန်းအတွက် ကမ်းလှမ်းလာတဲ့ မည်သည့် ကမ်းလှမ်းမှုကိုမဆို လက်ခံကာ စကား ပြောဆိုသွားမယ် လို့ သိရပြီး ဂျွန်စတုန်းကို ရောင်းချရာကနေ ပေါင် ၄၀ သန်းဝန်းကျင် အထိ ဝင်ငွေ ပြန်ရဖို့ မျှော်လင့်ထားတယ်လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဂျွန်စတုန်းကို ခေါ်ယူဖို့ အတွက် ချယ်လ်ဆီးအသင်းနဲ့ အပြိုင် ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ ဘရိုက်တန်အသင်း ၊ အဲဗာတန်အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ် နေကြပါတယ်။

Photo Credit: Daily Mail

လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ချယ်လ်ဆီးအသင်းဟာ အားနည်း နေတဲ့ အသင်းရဲ့ ခံစစ်ကြောင်း အတွက် ဂျွန်စတုန်းကို ခေါ်ယူဖို့ အတွက် မျက်စိ ကျနေပြီး မကြာခင်မှာပဲ တရားဝင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်မယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ဂျွန်စတုန်းကို ပေါင် ၂၀ သန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းမှု တစ်ခုနဲ့ စတုန်းအတွက် ကမ်းလှမ်းသွားဖို့ ရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေ ကတော့ မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချသွားနိုင်တယ် လို့ သုံးသပ် နေကြပါတယ်။ မန်စီးတီးအသင်း ဟာ ဂျွန်စတုန်းအတွက် ပေါင် ၄၀သန်း ဝန်းကျင် ရရှိလို နေတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပေါင် ၂၀သန်း ဝန်းကျင်သာ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားဖွယ် မရှိပဲ ချယ်လ်ဆီးအသင်းဟာ ငွေကြေး တိုးမြှင့်ကာ ကမ်းလှမ်းမှသာ ဂျွန်စတုန်းကို ခေါ်ယူနိုင်ချေ ရှိကြောင်း သိရပါတယ်။