ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့ရဲ့ ဗဟိုခံစစ်အတွက် ဆီဗီးလား ဗဟိုခံစစ်မှူး ခွန်ဒေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် အင်တာမီလန် ဗဟိုခံစစ်မှူး ရှကရီညာကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထားလာကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ သတင်းထောက် ကင်ဆယ်လာက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူးတွေ ဖြစ်တဲ့ ရူဒီဂါ ၊ ခရစ်တန်ဆန် စတဲ့ ကစားသမားတွေကို လက်လွှတ် ဆုံးရှုံးခဲ့ရသလို အသင်းရဲ့ နောက်ထပ် အဓိက ခံစစ်မှူး တဦး ဖြစ်တဲ့ သီယာဂို ဆေးလ်ဗားကလည်း အသက်အရွယ်ကြောင့် တရာသီလုံး အင်ပြည့်အားပြည့် ကစားနိုင်ဖို့ မသေချာတာကြောင့် အနည်းဆုံး ဗဟိုခံစစ်မှူး နှစ်ဦးကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးက ဆီနီဂေါ ခံစစ်မှူး ကူလီဘလီကို နာပိုလီကနေ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းကျော်နဲ့ ခေါ်ယူထားနိုင်တာကြောင့် သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် နောက်ထပ် ဗဟိုခံစစ်မှူး တဦးကိုသာ ထပ်မံ ခေါ်ယူရန် လိုအပ်တော့ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လက်ကျန် ခံစစ်မှူး တဦးနေရာ အတွက် ဆီဗီးလား ခံစစ်မှူး ခွန်ဒေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ခွန်ဒေက ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာကြောင့် နောက်ထပ် ဗဟိုခံစစ်မှူး တဦးကို ရှာဖွေရပါတော့မယ်။

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ သတင်းထောက် တဦး ဖြစ်သူ ကင်ဆယ်လာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ခွန်ဒေရဲ့ ငြင်းဆန်မှုကို ခံခဲ့ရပြီးနောက် ခွန်ဒေအား ခေါ်ယူဖို့ ကြိုးပမ်းနေမှုတွေကို ရပ်တန့်လိုက်သလို ခွန်ဒေအစား အင်တာမီလန် ဗဟိုခံစစ်မှူး ရှာကရီညာကို ပြောင်းလဲ ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားလာကြောင်း သိရပါတယ်။

Photo Credit: The Sun

အသက် ၂၇နှစ် အရွယ် ဆလိုဗက်ကီးယား ဗဟိုခံစစ်မှူး ရှကရီညာက အင်တာမီလန်နဲ့အတူ အတော်လေး တောက်ပနေတဲ့ ထိပ်တန်း ခံစစ်မှူး တဦး ဖြစ်သလို အင်တာမီလန်က သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေကို ထိန်းညှိနိုင်ဖို့ ယခု နွေဈေးကွက် အတွင်းမှာပဲ ရှကရီညာ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ရှကရီညာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ချယ်လ်ဆီးကသာ ရှကရီညာကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးစားခဲ့မယ် ဆိုရင် အလွယ်တကူ ခေါ်ယူနိုင်တဲ့ အနေအထားကို ပိုင်ဆိုင်ထားပါတယ်။

အင်တာမီလန်က သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ရှကရီညာရဲ့ တန်ကြေးကို ယူရို ၅၀သန်း ဝန်းကျင် သတ်မှတ်ထားကြောင်းလည်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။