ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းက အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဆီဗီလာနောက်ခံလူ ခွန်ဒဲလ်နဲ့ ပီအက်စ်ဂျီအသင်းရဲ့ နောက်ခံကစားသမား မာကွင်ဟို့စ်တို့ကို အသင်းရဲ့ အဓိက ပစ်မှတ်တွေအဖြစ် သတ်မှတ်ခဲ့ပေမယ့် မာကွင်ဟို့စ်ကတော့ ချယ်လ်ဆီးဘက်က ကမ်းလှမ်းမှုကို တစ်ကြိမ်မှ မရရှိခဲ့ပဲ ပီအက်စ်ဂျီလို ကလပ်အသင်းမျိုးမှာ ပါဝင်ကစားနေရခြင်းကိုသာ ဂုဏ်ယူမိကြောင်းနဲ့ အသင်းအတွက်ကိုသာ အာရုံစိုက်ထားကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်တုန်းက ခွန်ဒဲလ်နဲ့ မာကွင်ဟို့စ်တို့ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း အောင်မြင်ချင်း မရှိခဲ့တာကြောင့် အသင်းရဲ့ အကယ်ဒမီနောက်ခံလူ ချာလိုဘာကို အသင်းကနေ အငှားမချတော့ပဲ အသင်းမှာ နေရာပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ခံစ်ကစားသမားတွေဖြစ်တဲ့ သီယာဂိုဆေးလ်ဗား ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့က အသင်းနဲ့ စာချုပ်သက်တမ်းတွေ အသီးသီး ကုန်ဆုံးကြတော့မှာဖြစ်တာကြောင့် သက်တမ်းတိုးဖို့ အသင်းဘက်ကနေ ကြိုးပမ်းနေသလို အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ မာကွင်ဟို့စ်ကိုပါ ဆက်လက်ပစ်မှတ်ထားနေရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဘရာဇီးလ်လက်ရွေးစင် နောက်ခံကစားသမားဖြစ်သူ မာကွင်ဟို့စ်က ပီအက်စ်ဂျီအသင်းမှာ (၈)နှစ်ဝန်းကျင်အထိ ပါဝင်ကစားထားတဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့အကြောင်းကိုလည်း အရိပ်အမြွက် ပြောဆိုခဲ့ပေမယ့် သူ့ကို ကမ်းလှမ်းမှုတွေတော့ မရှိခဲ့ဘူးလို့လည်း ပြောဆိုထားပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မာကွင်ဟို့စ်က “မရှိခဲ့ဘူး။ ကမ်းလှမ်းမှုတစ်ခုလေးတောင် မရှိခဲ့ဘူး။ တကယ်တော့ ကလပ်အသင်းဘက်ကနေ ဆွေးနွေးမှုတွေကို ပိတ်ပင်ထားခဲ့တာလည်း ပါပါတယ်။ အဲ့ဒါကလည်း ကလပ်အသင်းက ကျွန်တော့်အပေါ်ထားတဲ့ ယုံကြည်မှုကို ပြသတာပါ။ ပီအက်စ်ဂျီလို ကလပ်အသင်းကြီး တစ်သင်းကနေ ကျွန်တော့်အပေါ် ဒီလို ယုံကြည်မှုတွေထားတာက တကယ့်ကို ဂုဏ်ယူစရာပါ။ တခြားကလပ်အသင်းတွေအနေနဲ့ ကျွန်တော့်ကို စိတ်ဝင်စားနေကြတယ်ဆိုတာကလည်း ကျွန်တော့်အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေလို့့ပါ။ ဒါက ကျွန်တော့်ကို ဆက်ပြီး လုပ်ဆောင်နေဖို့ တွန်းအားလည်း ဖြစ်စေပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း အကောင်းဆုံး လုပ်ဆောင်လာနိုင်တယ်။ ကွင်းထဲမှာလည်း ကစားတာ ပိုကောင်းလာတယ်။ ပဲရစ်နဲ့ ပီအက်စ်ဂျီတို့က ကျွန်တော့်စိတ်ထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော အရာတွေပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။