ပရီးမီးယားလိဂ် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းကတော့ သူတို့အသင်းရဲ့ ကစားသမားဟောင်းတဦး ဖြစ်သူ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေနဲ့ အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၇နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ သူ့ရဲ့ လူငယ် ကစားသမားဘဝကို ချယ်လ်ဆီးအသင်းမှာ ကုန်ဆုံးခဲ့တဲ့ ကစားသမားတဦး ဖြစ်ပြီး ချယ်လ်ဆီးအသင်း နည်းပြတွေရဲ့ ယုံကြည်မှုကို မရရှိတဲ့နောက်မှာ ပရီးမီးယားလိဂ် ကလပ် အဲဗာတန်အသင်းကို ပြောင်းရွှေ့ကာ ကစားရင်း ထိပ်သီး တိုက်စစ်မှူးတဦး ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့သူပါ။

Photo Credit: Standard

လူကာကူဟာ ၂၀၁၉ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ အင်တာမီလန်အသင်းထံကို ပြောင်းရွှေ့လာပြီးနောက် စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၃ဦး စာရင်းဝင်ခဲ့ပြီး လက်ရှိ ဘောလုံးရာသီမှာလည်း အင်တာမီလန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၂၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ လိုက်ပ်ဇက်အသင်းကနေ ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူခဲ့ပေမယ့် တီမိုဝါနာဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို အပိုင် ဂိုးသွင်းခွင့်တွေကိုလည်း မကြာခဏ ဆိုသလို လွဲချော်နေတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်က တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူချင်နေတာပါ။

Photo Credit: Standard

အင်္ဂလန် နာမည်ကြီး သတင်းဌာန Talksport သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူးဖြစ်သူ ဟာလန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဒေါ့မွန်အသင်းက ဟာလန်းကို ရောင်းချဖို့ ငြင်းဆန်နေတာကြောင့် လူကာကူကို ခေါ်ယူဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အီတလီ အခြေစိုက် သတင်းဌာနတွေကတော့ အင်တာမီလန်အသင်းဟာ လူကာကူကို ရောင်းချဖို့ စိတ်ကူးမရှိပေမယ့် ချယ်လ်ဆီးအသင်းဘက်က လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၉၀သန်းခန့်နဲ့ ကမ်းလှမ်းမှာ ဖြစ်တာကြောင့် လူကာကူကို ရောင်းချဖို့ အတွက် စဉ်းစားဖွယ်ရှိကြောင်း ဖော်ပြနေကြပါတယ်။