မကြာမီကမှ ချန်ပီယံလိဂ် ဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် နာမည်ကြီး ချယ်လ်ဆီးအသင်းဟာ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လူကာကူကို နွေရာသီ အပြောင်းအရွှေ့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း ဥရောပ အခြေစိုက် သတင်းမီဒီယာ အတော်များများက ဖော်ပြသွားကြပါတယ်။ အသက် ၂၈နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် လူကာကူဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန် အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တိုဖလားအား အရယူနိုင်အောင် အဓိက ကြိုးပမ်းပေးခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: FotMob

လူကာကူဟာ ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားထားပြီး သွင်းဂိုး ၃၀ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ယမန်နေ့မှာ လူကာကူဟာ ၂၀၂၀-၂၀၂၁ ခုနှစ် စီးရီးအေပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ချီးမြှင့်ခံခဲ့ ရပါတယ်။ လက်ရှိမှာ အင်တာမီလန် အသင်းက နည်းပြအပြောင်းအလဲ ပြုလုပ်ထားတာကြောင့် လူကာကူရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပြီး လူကာကူ ကတော့ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းက သူ့ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း မီလန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

Photo Credit: FotMob

ဥရောပ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Minsရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လူကာကူကို အသင်းရဲ့ နွေရာသီ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်းနဲ့ လူကာကူကို ခေါ်ယူဖို့ အစီအစဉ်တွေကို စတင် စီမံနေပြီ ဖြစ်ကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ လူကာကူဟာ အင်တာမီလန်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေပေမယ့် အင်တာမီလန် အသင်းဘက်က လူကာကူကို ရောင်းချဖို့ လက်တွန့်နေပြီး ချယ်လ်ဆီးအသင်း အနေနဲ့ လူကာကူကို ခေါ်ယူချင်ပါက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတရပ် ပေးချေရမယ်လို့ ပြောကြားထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူးတဦးကို ဝယ်ယူဖို့ စီစဉ်ထားတာကြောင့် လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းခန့် ပေးချေကာ ခေါ်ယူဖို့ လက်တွန့်နေမှာ မဟုတ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြထားပါတယ်။