ဥရောပ ချန်ပီယံလိဂ်ရဲ့ လက်ရှိ ချန်ပီယံဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ဘွန်ဒက်လီဂါကလပ် စတုဂတ်အသင်းရဲ့ တိုက်စစ်မှူး ကလာဒီဇစ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချိန်ရွယ်နိုင်ဖို့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ စီစဉ်ထားပြီး ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ သူတို့ရဲ့ ထိပ်တန်း ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါပေမယ့် ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း အတိ မရရင် ရောင်းချမှာ မဟုတ်ဘူးလို့ ယတိပြတ် ဆိုထားတာကြောင့် ချယ်လ်ဆီးအသင်းဟာ ဟာလန်းကို ခေါ်ယူဖို့ အခက်တွေ့နေပြီး လက်ရှိမှာတော့ ပြောင်းရွှေ့ကြေး နည်းပါးသလို ခြေစွမ်းပိုင်းလည်း ကောင်းမွန်တဲ့ စတုဂတ် တိုက်စစ်မှူး ကလာဒီဇစ်ဟာ သူတို့အသင်းရဲ့ ပစ်မှတ် ဖြစ်လာပါတယ်။

အသက် ၂၄နှစ် အရွယ် ဩစတီးယား တိုက်စစ်မှူး ကလာဒီဇစ်ဟာ စတုဂတ်အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စတုဂတ်အသင်း အတွက် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၃၃ပွဲ အထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၁၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။

Photo Credit: Metro

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်း အပါအဝင် ဥရောပ နာမည်ကြီးအသင်း တချို့က ကလာဒီဇစ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး စတုဂတ်အသင်း ကတော့ သူတို့အသင်းရဲ့ တိုက်စစ်မှူးကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် ရရှိမှသာ လက်လွှတ်ဖွယ် ရှိပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ယာယီ အင်အား ဖြည့်တင်းမှု အဖြစ် ကလာဒီဇစ်ကို ခေါ်ယူဖို့ မျက်စိကျနေပြီး ကလာဒီဇစ် အတွက် လှုပ်ရှားမှုတွေ စတင် ပြုလုပ်နေကြောင်းလည်း သိရပါတယ်။