ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ အားနည်းတော့မယ့် သူတို့အသင်းရဲ့ ခံစစ်ပိုင်းကို ပြန်လည် အားဖြည့်ဖို့ အတွက် ယခုနှစ် ဘောလုံးရာသီမှာ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇက်နဲ့အတူ တောက်ပနေတဲ့ လူငယ်ခံစစ်မှူး ဂွာဒီရိုကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးဟာ သီယာဂို ဆေးလ်ဗား ၊ ခရစ်တန်ဆန် ၊ ရူဒီဂါ ၊ ချာလိုဘက် ၊ ဆားလ် စတဲ့ ဗဟိုခံစစ်မှူး ၅ဦးကို ပိုင်ဆိုင်ထားပေမယ့် ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့က ရာသီကုန်ရင် အသင်းကနေ ထွက်ခွာဖို့ သေချာနေသလို သီယာဂို ဆေးလ်ဗားကလည်း အသက်အရွယ် ရလာတာကြောင့် သူတို့ရဲ့ ဗဟိုခံစစ်ပိုင်းကို အရေးတကြီး အင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။

Photo Credit: Daily Mail

အထူးသဖြင့် ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ အဓိက ခံစစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ ရူဒီဂါကို ဆုံးရှုံးရဖို့ ရှိနေတာကြောင့် သူ့ရဲ့နေရာကို အစားဝင်နိုင်သလို အသင်းအပေါ် ဦးဆောင်မှုလည်း ပေးနိုင်မယ့် နောက်ခံလူ တဦးကို ခေါ်ယူရဖို့ ရှိနေပြီး လိုက်ပ်ဇက်နဲ့ ခရိုအေးရှား နောက်ခံလူ ဂွာဒီရိုက အရပ်အမောင်း ကောင်းသလို အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းလည်း ရှိတာကြောင့် ချယ်လ်ဆီးအတွက် သင့်တော်တဲ့ နောက်ခံလူ တဦးလည်း ဖြစ်ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ခရိုအေးရှား လက်ရွေးစင် လူငယ်ခံစစ်မှူး ဂွာဒီရိုဟာ ငယ်ရွယ်ပေမယ့် အသင်းဖော်တွေ အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိသူ ဖြစ်ပြီး ခရိုအေးရှား ထိပ်သီးကလပ် ဒိုင်နမို ဇာဂရက်မှာ ကစားစဉ်ကတည်းက သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ တူဟယ်လ်က အရပ်အမောင်း မြင့်မားသလို ခေါင်းဆောင်မှု စွမ်းရည် ပြည့်ဝတဲ့ ဂွာဒီရိုရဲ့ ခြေစွမ်းကို သဘောကျနေပြီး ဂွာဒီရိုက ရူဒီဂါရဲ့နေရာ အတွက် အကောင်းဆုံး အစားထိုးမှု အဖြစ် ရှုမြင်နေကြောင်းလည်း သိရပါတယ်။

အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း ချယ်လ်ဆီးဟာ ဂွာဒီရိုကို စောင့်ကြည့်နေကြောင်း အတည်ပြုပေးခဲ့ပြီး လိုက်ပ်ဇက်ကတော့ ဂွာဒီရိုကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပေမယ့် ဂွာဒီရို အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း အထက် ရရင် ဂွာဒီရိုကို ထုတ်ရောင်းနိုင်ဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။