လာမယ့်ဘောလုံးရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်မှာ နယ်သာလန်ထိပ်သီးကလက် အေဂျက်စ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်၃၈သန်းနဲ့ တရားဝင်ရောက်ရှိလာတော့မယ့် မော်ရိုကိုတောင်ပံကစားသမားလေး ဟာကင်ဇီယက်ရှ်က ပရီးမီးယားလိဂ်မှာ ပါဝင်ကစားဖို့ကို အရင်ကတည်းက စိတ်ကူးအိမ်မက်ထားခဲ့ဖူးသူဖြစ်ပေမယ့် အခုလို ချယ်လ်ဆီးကို မပြောင်းခင်မှာ သူသွားရောက်ကစားချင်ဆုံးအသင်းက ချယ်လ်ဆီးရဲဲ့လန်ဒန်မြို့ခံအသင်း အာဆင်နယ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

Photo Credit : Getty Images

ဒီနှစ်ဘောလုံးရာသီတစ်ခုလုံးမှာ ကစားသမားသစ်ခေါ်ယူခဲ့ခြင်းမရှိတဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီအတွက်ကိုပဲ ကြိုတင်ပြင်ဆင်တဲဲ့အနေနဲ့ အေဂျက်စ်တောင်ပံကြယ်ပွင့် ကစားသမားလေး ဇီယက်ရှ်ကို ပေါင်၃၈သန်းနဲ့ ခေါ်ယူဖို့ အကြိုသဘောတူညီမှုကို ပြီးခဲ့တဲ့တစ်ပတ်လောက်ကပဲ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် နွေစျေးကွက်ဖွင့်ချိန်ရောက်တာနဲ့ ဇီယက်ရှ်ဟာ ချယ်လ်ဆီးအသင်းနဲ့ စတင်ပူးပေါင်းရတော့မှာဖြစ်ပြီး သူအရမ်းကစားချင်နေတဲ့ ပရီးမီးယားလိဂ်မှာ လာရောက်ကစားရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် ဇီယက်ရှ်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ မစီစဉ်ခင်မှာပဲ သူအရမ်းကို ပြောင်းရွှေ့ချင်နေတဲ့ အသင်းထဲမှာ အာဆင်နယ်အသင်းက ထိပ်ဆုံးက ပါဝင်တယ်လို့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။ အသက်၂၆နှစ်အရွှယ် မော်ရိုကိုလက်ရွေးစင် ကစားသမားဟာ သူရဲ့အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဂျက်စတင်ကလွိုင်ဗက်နဲ့ အင်တာဗျူးလုပ်ရမှာ သွားရောက်ကစားချင်ဆုံးအသင်းက “အာဆင်နယ်နဲ့ ဘာစီလိုနာ” တို့ဖြစ်တယ်လို့ ဖြေဆိုခဲ့ပြီး သူလေးစားအားကျရဆုံး ကစားသမားကလည်း အာဆင်နယ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင်အိုဇေးဖြစ်တယ်လို့ ဖြေဆိုခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တကယ့်တကယ်မှာတော့ ဇီယက်ရှ်ဟာ အာဆင်နယ်ရဲ့မြို့ခံအသင်းဖြစ်တဲ့ ချယ်လ်ဆီးကိုသာ ရွေးချယ်ခဲ့ပြီး မနှစ်ကလည်း ဘိုင်ယန်မြူးနစ်ကို ရောက်ရှိဖို့ နီးစပ်ခဲ့ပါသေးတယ်။