ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကလပ်ကမ္ဘာ့ဖလားကို ပူပူနွေးနွေး ရရှိထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ အသင်းရဲ့ ခံစစ်ပိုင်းအတွက် ဘရိုက်တန်အသင်းရဲ့ နောက်ခံကစားသမား အဒမ်ဝက်ဘ်စတာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပြီး နွေစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

Transfer News: Chelsea eye Brighton and Hove Albion star Adam Webster

Photo Credit : A Stamford Bridge Too Far

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းရဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ အန်တိုနီယိုရူဒီဂါ အန်ဒရေယပ်စ်ခရစ္စတန်ဆန်တို့အပြင် အသင်းခေါင်းဆောင် ဆီဇာအက်ဇ်ပီလီကွယ်တာတို့ပါ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မှာဖြစ်လို့ သက်တမ်းတိုးနိုင်ဖို့ အသင်းဘက်က ကြိုးပမ်းနေသလို သက်တမ်းမတိုးနိုင်ပဲ လက်လွတ်လိုက်ရတဲ့အခါမှာလည်း သူတို့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ကစားသမားသစ်တွေကိုပါ ရှာဖွေထားတာလည်း ဖြစ်ပါတယ်။ ဗြိတိန်နာမည်ကျော် သတင်းမီဒီယာ Mirror ရဲ့ ဖော်ပြချက်အရတော့ ချယ်လ်ဆီးအသင်းဟာ လတ်တလောမှာ ခံစစ်ပိုင်း အားဖြည့်ဖို့အတွက် ဘရိုက်တန် ဗဟိုခံစစ်မှူး ဝက်ဘ်စတာကို အလိုရှိနေတယ်လို့ သိရှိရပါတယ်။

Chelsea are considering a move for Brighton's Adam Webster in order to bolster their defence

Photo Credit : Daily Mail

ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းအနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိလာနိုင်မယ့် အခြေအနေကို ကြိုမြင်နေရတဲ့အတွက် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ရှိနေတဲ့ ခံစစ်မှူး ဝက်ဘ်စတာကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန် နောက်ခံကစားသမား ဝက်ဘ်စတာက ၂၀၁၉ခုနှစ်ကမှ ဘရစ္စတိုးလ်ကနေ ဘရိုက်တန်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း (၇၄)ပွဲအထိ ပါဝင်ထားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းအတွက် ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံလူ ခွန်ဒဲလ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်နောက်ခံလူ မီလီတိုတို့ကို အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပေမယ့်လည်း ဒီကစားသမားတွေထက် ပရီးမီးယားလိဂ်မှာ ပိုမိုအံ့ဝင်ခွင်ကျ ဖြစ်နေနိုင်မယ့် ဝက်ဘ်စတာကို ဦးစားပေး ခေါ်ယူသွားချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀) ဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။