ဒီနှစ်နွေစျေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေးများစွာကို သုံးစွဲခဲ့ပြီး တီမိုဝါနာ ဟာကင်ဇီယက်ရှ် ကိုင်းလ်ဟားဗက်ဇ် ဘင်ချီဝဲလ်နဲ့ အက်ဒွါမန်ဒီတို့လို ကစားသမားသစ်များစွာကို ခေါ်ယူဖြစ်ခဲ့ပါတယ်။ ဒီလို ကစားသမားသစ်တွေအတွက် ပေါင်သန်းများစွာ သုံးစွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေရာသီစျေးကွက်အတွင်းမှာလည်း နောက်ထပ် တန်ကြေးမြင့်မားလှတဲ့ ကစားသမားတွေဖြစ်သော အာလင်းဟာလန်းနဲ့ ဒစ်ကလန်ရိုက်စ်တို့ကိုပါ ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Espana

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အဓိကထားပြီး အားဖြည့်တင်းမှုကို လုပ်ဆောင်ခဲ့ပေမယ့်လည်း တိုက်စစ်ကို ဒီထက်မက ပိုမိုအားကောင်းလာစေဖို့အတွက် ဒေါ့မွန်အသင်းရဲ့ နော်ဝေ လူငယ်တိုက်စစ်ကစားသမား အာလင်းဟာလန်းကို ထပ်မံခေါ်ဆောင်သွားချင်နေပါတယ်။ အသက်(၂၀)အရွှယ်ရှိ လူငယ်ကြယ်ပွင့်ကစားသမား ဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၄)ပွဲအထိ ပါဝင်ကစားထားပြီး (၁၇)ဂိုးတောင် သွင်းယူထားနိုင်ခဲ့တာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

Photo Credit : The Chelsea Echo

ဒါကြောင့် ချယ်လ်ဆီးအနေနဲ့ ဟာလန်းကို ခေါ်ယူဖို့အတွက်ဆိုရင် အသင်းပေါင်းများစွာနဲ့ အပြိုင်အဆိုင် ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ ဟာလန်းအပြင် နောက်ထပ်ကစားသမားတစ်ယောက်အဖြစ် ဝက်စ်ဟမ်းကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကိုပါ အသင်းဆီ ခေါ်ဆောင်နေချင်ပါတယ်။ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် အသင်းသားဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ရိုက်စ်ကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ချင်နေပြီး လာမယ့်နွေစျေးကွက်မှာတော့ အရခေါ်ယူဖွယ် ရှိတယ်လို့ သိရှိရပါတယ်။ ဒီလို တန်ကြေးမြင့်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့အတွက် အသင်းက ကစားသမား(၇)ယောက်ခန့်လောက်ကိုလည်း ပြန်လည်ရောင်းချပြီး အသုံးစရိတ် ပြန်ရှာဖွယ်လည်း ရှိလို့နေပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းမှာ နေရာပျောက်နေကြတဲ့ အီမာဆန် အလွန်ဆို ကယ်ပါ ရူဒီဂါ ဂျော်ဂျင်ဟို မော့ဆက် ဒရင့်ဝါးတား ခရစ္စတန်ဆန်တို့အပြင် အက်စတွန်ဗီလာအသင်းဆီကို အငှားချထားတဲ့ ဘာကလေကိုပါ အသင်းကနေ ရောင်းချသွားဖွယ် ရှိနေပါတယ်။ ဒီကစားသမားတွေထဲကမှ ရူဒီဂါ အလွန်ဆို ဒရင့်ဝါးတားတို့ကိုတော့ လာမယ့်ဆောင်းစျေးကွက်မှာတောင် အသင်းကနေ ရှင်းထုတ်သွားနိုင်ပါတယ်။