နွေစျေးကွက်မတိုင်ခင်ကတည်းက ကစားသမားခေါ်ယူမှုတွေကို ခပ်သွက်သွက်လုပ်ဆောင်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာလည်း နောက်ထပ်ကစားသမားသစ်တွေကို ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး အသင်းရဲ့လိုအပ်ချက်တစ်ခုဖြစ်နေတဲ့ ဂိုးသမားနေရာအတွက် ဘန်လေအသင်းဂိုးသမားဖြစ်သူ နစ်ပုဒ်ကို ပစ်မှတ်ထားလျက်ရှိကာ ဘန်လေအသင်းက သူတို့ဂိုးသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)လောက်အထိကို အလိုရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : The Athletic

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က အမှားအယွင်းတွေ မကြာခဏ ကျူးလွန်တတ်လေ့ရှိတဲ့ အသင်းရဲ့နံပါတ်တစ်ဂိုးသမားဖြစ်သူ ကယ်ပါအာရီဇာဘာလာဂါရဲ့လက်စွမ်းတွေအပေါ် အားရကျေနပ်မှုမရှိတာကြောင့် ဂိုးသမားသစ်တစ်ယောက်ကို ခေါ်ယူသွားချင်နေတာဖြစ်ပြီး ဂိုးသမား(၃၊၄)ယောက်ကိုလည်း ပစ်မှတ်ထားလျက်ရှိနေကာ ဘန်လေဂိုးသမားနစ်ပုဒ်ပါ ဒီပစ်မှတ်တွေထဲမှာ အပါအဝင် ဖြစ်လို့နေပါတယ်။ ဘန်လေကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ နစ်ပုဒ်ကို အသင်းကနေ ရောင်းထုတ်မသွားချင်ပဲ မဖြစ်မနေ ရောင်းထုတ်ရမယ်ဆိုရင် ပေါင်သန်း(၅၀)လောက်အထိ စျေးသတ်မှတ်ထားတယ်လို့ တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Star

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ဂိုးသမားနစ်ပုဒ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘန်လေအတွက် အတော်လေးကို လက်စွမ်းပြသခဲ့သူဖြစ်ပြီး ပေးဂိုးမဲ့ပွဲပေါင်း(၁၅)ပွဲအထိရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ရွှေလက်အိပ်ဆု ပိုင်ဆိုင်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ဂိုးသမားအီဒါဆန်နဲ့လည်း Clean Sheets အရေအတွက်က တစ်ပွဲလေးသာ လျော့နည်းခဲ့ပါတယ်။ ချာတန်အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်သူ နစ်ပုဒ်ဟာ သူရဲ့စီနီယာကစားသမားဘဝကို ဘူရီတောင်းအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဘန်လေအသင်း ပရီးမီးယားလိဂ်ကို တန်းတတ်လာခဲ့တဲ့ ၂၀၁၆ခုနှစ်မှာ အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းနဲ့ပွဲထွက်ခွင့်ကိုတော့ ၂၀၁၇ခုနှစ်မှ ရရှိခဲ့တာဖြစ်ပြီး အသင်းရဲ့ဦးစားပေးဂိုးသမားဖြစ်သူ တွမ်ဟီတန် ဒဏ်ရာရသွားချိန်မှာ သူ့နေရာကို နစ်ပုဒ်က အစားဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ နစ်ပုဒ်က သူရဲ့လက်စွမ်းကောင်းတွေကို ထုတ်ဖော်ပြသခွင့်ရခဲ့ပြီး အဲ့ဒီလက်စွမ်းကောင်းတွေကြောင့် တွမ်ဟီတန်ပါ ဦးစားပေးဂိုးသမားနေရာ ပျောက်ဆုံးခဲ့ရတာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။ ဒီလို အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတစ်ယောက်ကို ဘန်လေနည်းပြ ရှောင်ဒိုက်ကတော့ မရောင်းထုတ်ချင်ပဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။