MySport Myanmar

ဘာလွန်းဒေါဆုရှင် ဘွန်မာတီကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအမျိုးသမီးအသင်းကတော့ ၂၀၂၃ခုနှစ်ရဲ့ အမျိုးသမီး ဘာလွန်းဒေါဆုရှင် ဘာစီလိုနာ ကွင်းလယ်ကစားသမား အိုက်သာနား ဘွန်မာတီကို ခေါ်ယူသွားဖို့အတွက် လုပ်ဆောင်လာခဲ့ပြီး ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို (၃)သန်းကိုလည်း ပေးချေသွားဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၆)နှစ်အရွယ်ရှိ ကွင်းလယ်လူ ဘွန်မာတီဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ လူငယ်အကယ်ဒမီဆီကို ၂၀၁၂ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး (၄)နှစ်အကြာ ၂၀၁၆ခုနှစ်မှာပဲ ဘာစီလိုနာ စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။

Photo Credit : Goal

ဘွန်မာတီဟာ မတူညီတဲ့ နေရာတွေမှာပါ လိုက်ပါ ကစားနိုင်တဲ့ ဘက်စုံထူးချွန်သူ ကစားသမားတစ်ဦးဖြစ်ပြီး ကွင်းလယ်ရော တောင်ပံမှာပါ ကစားနိုင်ပါတယ်။ ဒါ့အပြင် နည်းစနစ်ပိုင်း ကြွယ်ဝသူဖြစ်တဲ့ ဘွန်မာတီဟာ ဘာစီလိုနာ အမျိုးသမီးအသင်းအတွက်ရော စပိန် အမျိုးသမီးအသင်းအတွက်ပါ အတော်လေး အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ဘာလွန်းဒေါဆုအပြင် တစ်ဦးချင်း အကောင်းဆုံး ကစားသမားဆု အများအပြားနဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ၊ အမျိုးသမီး UEFA Nations League ဖလား ၊ အမျိုးသမီး ချန်ပီယံလိဂ်ဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဘွန်မာတီဟာ လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ ၂၀၂၅ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေပါတော့တယ်။

Photo Credit : SPORT

ဒီလိုစာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိနေတော့တဲ့ ဘွန်မာတီကို ချယ်လ်ဆီးအမျိုးသမီးအသင်းက သူရဲ့ စာချုပ်လျော်ကြေးဖြစ်တဲ့ ယူရို (၃)သန်းနဲ့ ခေါ်ယူသွားဖို့ ဆန္ဒရှိလို့နေပါတယ်။ လက်ရှိ အမျိုးသမီး ဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးက ရီးယဲလ်ကနေ အမေရိကန်ကလပ် Bay FC အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ ဇမ်ဘီယာ ကစားသမား ရေချယ်လ် ကန်ဒါန်နန်ဂျီရဲ့ အပြောင်းအရွှေ့ဖြစ်ပြီး ယူရို (၈)သိန်းဝန်းကျင်သာ ရှိခဲ့ပါတယ်။

ဒါကြောင့် ချယ်လ်ဆီးအနေနဲ့ ဘွန်မာတီကို ယူရို (၃)သန်းနဲ့ ခေါ်ယူမယ်ဆိုရင် ဒီအပြောင်းအရွှေ့က အမျိုးသမီး ဘောလုံးလောကရဲ့ အမြင့်မားဆုံး ပြောင်းရွှေ့ကြေး ဖြစ်လာနိုင်ပြီး ပြီးခဲ့တဲ့ရာသီက လီဗန်တေးကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ ကိုလံဘီယာ တိုက်စစ်မှူး မာယာ ရာမီရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကိုပါ ကျော်ဖြတ်ကာ WSL ပြိုင်ပွဲနဲ့ ချယ်လ်ဆီး အမျိုးသမီးအသင်းတို့ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားပါ ဖြစ်လာပါလိမ့်မယ်။

Exit mobile version