အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်ချိန်တုန်းက အဆင်မပြေမှုတွေဖြစ်လာခဲ့လို့ ရာသီအကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဘရာဇီးတောင်ပံတိုက်စစ်ကစားသမား ဝီလီယံကို ဥရောပကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့အတွက် ကြိုးစားနေကြလျက်ရှိနေရာ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ လီဗာပူးလ်ကပါ ဝီလီယံကို ခေါ်ယူဖို့အတွက် လှုပ်ရှားမှုတွေကို စတင်ပြုလုပ်နေပြီဖြစ်ကာ ကစားသမားနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ စပိန်အားကစားမီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football.London

အသက်(၃၁)အရွှယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလက်ရွေးစင် တောင်ပံကစားသမားဝီလီယံဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေ သူ့ကို (၂)နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပေမယ့် ဝီလီယံက သူ့ကို (၃)နှစ်အထိ သက်တမ်းတိုးစေချင်တာကြောင့် ညှိနှိုင်းမှုက အဆင်မပြေဖြစ်ခဲ့ရတာဖြစ်ပြီး သက်တမ်းတိုးဖို့ ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝီလီယံကို အာဆင်နယ် စပါး ဘာစီလိုနာ ပီအက်စ်ဂျီအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားလျက်ရှိနေပြီး အခု လီဗာပူးလ်အသင်းကပါ ထပ်တိုးလာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Transfermarket

လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ယခင်ကတည်းက ကစားသမားတွေ အပြန်အလှန်ရောင်းချမှုတွေကို မကြာခဏ လုပ်ဆောင်လေ့ရှိပြီး အဓိကတော့ လီဗာပူးလ်က ချယ်လ်ဆီးအသင်းသားတွေကို စျေးပေါပေါနဲ့ ခေါ်ယူတတ်လေ့ရှိပါတယ်။ အခုလည်း သိပ်မကြာခင်မှာ အသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ဝီလီယံကို ပစ်မှတ်ထားလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီးနောက် အနာဂတ်မရေမရာဖြစ်လာခဲ့တဲ့ ဆာဒီယိုမာနေးရဲ့နေရာမှာ အစားထိုးဖွယ်ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ပြောင်းလဲမှုပေါင်းများစွာ လုပ်ဆောင်သွားဖို့ရှိနေကာ လိုက်ပ်ဇစ်အသင်းရဲ့ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာကို အဓိကပစ်မှတ်ထားလျက်ရှိနေပြီး လေဗာကူဆင်အသင်းရဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် ကိုင်းလ်ဟားဗက်ကိုလည်း စိတ်ဝင်စားလို့နေပါတယ်။