MySport Myanmar

လာမယ့်နွေမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသွားဖို့ စီစဉ်လျက်ရှိနေတဲ့ တီမိုဗာနာ

ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီတိုက်စစ်ကစားသမား တီမိုဗာနာက လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်ချိန်မှာ အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိလို့နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ချယ်လ်ဆီးအသင်းဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၃၃)သန်းနဲ့ ကမ်းလှမ်းလာမှသာ ကမ်းလှမ်းမှုကို စဉ်းစားသွားမယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား ဗာနာဟာ ချယ်လ်ဆီးအသင်းကို ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမယ်လူလူကာကူ ရောက်ရှိလာချိန်မှာပဲ သူရဲ့ပွဲကစားခွင့်တွေက သိသိသာသာ နည်းပါးလာခဲ့သလို ချန်ပီယံလိဂ်မှာလည်း အုပ်စုနောက်ဆုံးပွဲစဉ်ကိုသာ ပွဲထွက်ကစားခဲ့ရတဲ့အထိ ဗာနာရဲ့ အခန်းကဏ္ဍက ကျဆင်းသွားခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျာမနီတိုက်စစ်မှူး ဗာနာအနေနဲ့ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာသွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဂျာမန်ဝက်ဘ်ဆိုက် Sport 1 ကနေ ဖော်ပြလာခဲ့ပါတယ်။ လိုက်ပ်ဇစ် ကစားသမားဟောင်း ဗာနာဟာ လန်ဒန်ကနေ ထွက််ခွာသွားဖို့အတွက် သူရဲ့အကြံပေးဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။

Photo Credit : 90Min

ဗာနာဟာ ဂျာမနီလူမျိုး နည်းပြသောမတ်စ်တူဟယ်လ် ကိုင်တွယ်နေတဲ့ ချယ်လ်ဆီးအသင်းမှာ ကစားနေရခြင်းထက် ဂျာမနီလက်ရွေးစင်အသင်းရဲ့ နည်းစနစ်တွေအောက်မှာ ကစားရခြင်း်က သူ့အတွက် ပိုအံ့ဝင်မှုရှိကြောင်းကိုပါ မကြာသေးခင်ပဲ ထုတ်ဖော်ပြောဆိုထားခဲ့တဲ့အတွက် ဗာနာနဲ့ ချယ်လ်ဆီးအသင်းတို့ကြားမှာ ပိုမိုလှုပ်ခတ်လာဖွယ်လည်း ရှိလာနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးပါဝင်ကစားထားခဲ့ရတဲ့ ပရီးမီးယားလိဂ် (၈)ပွဲမှာ သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့တဲ့ ဗာနာဟာ ဂျာမနီအသင်းအတွက် နောက်ဆုံးကစားထားတဲ့ (၆)ပွဲမှာ သွင်းဂိုး (၆)ဂိုးထိကို အံ့အားသင့်စဖွယ် သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို လက်ရွေးစင်အသင်းအတွက်သာ ဂိုးတွေသွင်းယူပေးနိုင်တဲ့အပေါ် ဗာနာက “ချယ်လ်ဆီးအသင်းမှာနဲ့ ဒီမှာ ကစားရတာ ဘောလုံးကစားပုံ ကွာခြားမှုတွေ ရှိပါတယ်။ နိုင်ငံအသင်းမှာက ကျွန်တော့်အတွက် ပိုသင့်တော်တာ ဖြစ်နိုင်တယ်။ ကျွန်တော် ဒီမှာ ကစားရတာ ဂိုးတွေ သွင်းယူဖို့ အခွင့်အရေးတွေ ရှိတယ်။ ဂိုးလည်း သွင်းနိုင်တယ်။ ဒီမှာ အရမ်းအဆင်ပြေပါတယ်” လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။ ဗာနာဟာ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၂၈) ပါဝင်ကစားထားပြီး သွင်းဂိုး(၇)ဂိုး သွင်းယူထားပေမယ့် သူရဲ့ပရီးမီးယားလိဂ်သွင်းဂိုးက (၁)ဂိုးတည်းသာ ရှိနေပါတယ်။

Exit mobile version