ရီးယဲလ်မက်ဒရစ်အသင်းကို တကျော့ပြန် ပြန်လည်ကိုင်တွယ်ခွင့် ရရှိခဲ့တဲ့ ဝါရင့်အီတလီလူမျိုး ဘောလုံးနည်းပြကြီး ကားလို့အန်စလော့တီဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုမိုတောင့်တင်းအောင် လုပ်ဆောင်သွားဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီတိုက်စစ်ကစားသမား တီမိုဗာနာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိနေခဲ့တယ်လို့ စပိန်သတင်းမီဒီယာတချို့ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Top Flight

အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား ဗာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပထမရာသီမှာပဲ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို မကြာခဏ Big Chances တွေကို ကောင်းကောင်းအသုံးမချနိုင်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေနဲ့ပါ ကြုံတွေ့ထားခဲ့ရပါတယ်။ သို့ပေမယ့်လည်း ဗာနာဟာ ဒီရာသီမှာ သွင်းဂိုးစွမ်းရည်ပိုင်းလောက်သာ ကျဆင်းခဲ့တာဖြစ်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းမှာ အကောင်းဆုံး ပါဝင်ကစားနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာ ချယ်လ်ဆီးအသင်းအတွက် ဗာနာရဲ့ ဂိုးပါဝင်ပတ်သက်မှုက (၂၇)ဂိုးအထိကို ရှိထားခဲ့ရပါတယ်။

Photo Credit : SPORTbible

ဒီလို စွမ်းဆောင်ရည်မျိုးတွေ ရှိလို့နေတဲ့ ဂျာမနီတိုက်စစ်ကစားသမား ဗာနာကို ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အန်စလော့တီက သူရဲ့အသင်းဆီကို ခေါ်ဆောင်သွားဖို့ အံ့အားသင့်စဖွယ် စိတ်ဝင်စားမှု ရှိနေတယ်လို့ စပိန်မီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။ ဝါရင့်နည်းပြကြီး အန်စလော့တီဟာ ရီးယဲလ်အသင်းဆီကို ချယ်လ်ဆီးတိုက်စစ်မှူး တီမိုဗာနာ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဟာစိန်အာဝါတို့ကို ခေါ်ယူအားဖြည့်သွားချင်နေသလို ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စပါးအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဂါရတ်ဘေးလ်ကိုလည်း အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။ အန်စလော့တီရဲ့ ရီးယဲလ်အသင်းဟာ အိမ်ကွင်းဘာနေဗျူးကို ပြုပြင်မွမ်းမံနေရသလို ကိုဗစ်ဂယက်ကြောင့် အသင်းရဲ့ဝင်ငွေပိုင်း ကျဆင်းခဲ့မှုတွေကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကစားသမား ခေါ်ယူမှုကို မပြုလုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်နွေမှာတော့ ကစားသမားများစွာကို ခေါ်ယူဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ ရီးယဲလ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလာတဲ့ သြစတြီးယားနောက်ခံလူ ဒေးဗစ်အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသလို အင်္ဂလန်မြေမှာ ရုန်းကန်လို့နေရတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး တီမိုဗာနာကိုလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။