ချယ်လ်ဆီးအသင်းကတော့ Transfer Ban ကနေ လွတ်မြောက်ခဲ့တာတောင် ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေ ခေါ်ယူခြင်းမရှိပဲနဲ့ စျေးကွက်ကို ပိတ်သိမ်းခဲ့ပါတယ်။ စျေးကွက်မဖွင့်ခင်ကတည်းက နာမည်ကျော်ကစားသမားများစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့ထိ ကာဗာနီ မာတန်စ်တို့လို ကစားသမားတွေနဲဲ့ သတင်းထွက်ပေါ်ခဲ့ပေမယ့်လည်း ယခင်က ချယ်လ်ဆီးလို ငွေကြေးသုံးစွဲကြမ်းခြင်းမရှိပဲ လက်ရှိကစားသမားတွေနဲ့ လက်ကျန်ရာသီဝက်ကို ဆက်လက်ဖြတ်သန်းသွားတော့မှာဖြစ်ပါတယ်။

Photo Credit : Local Football News

တကယ်တော့ ချယ်လ်ဆီးအသင်းရဲ့လူစာရင်းက အင်အားတောင့်တင်းလို့ဆိုနိုင်ပေမယ့် လိုအပ်ချက်တွေကတော့ နေရာစုံမှာ ရှိနေသေးတာဖြစ်လို့ အနည်းဆုံးတော့ ဆောင်းစျေးကွက်မှာ တိုက်စစ်မှူးတစ်ယောက်လောက်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ထင်ခဲ့ရပေမယ့်လည်း စျေးကွက်သာ ပိတ်သွားခဲ့ကာ ဘယ်သူ့ကိုမှ မခေါ်နိုင်ခဲ့သလို အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးခဲ့တဲ့ ဂျရှးကိုလည်း ဘယ်အသင်းကိုမှ ရောင်းထုတ်ခြင်းမရှိခဲ့ပါဘူး။ အခုလို ဘယ်ကစားသမားမှ မခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး ချယ်လ်ဆီးပရိသတ်တွေကတော့ ကျေနပ်မှုမရှိပဲ အသင်းရဲ့အပြောင်းအရွှေ့ပေါ်လစီကို ဝေဖန်ခဲ့သလို အသင်းရဲ့တိုက်စစ်ကစားသမား အေဘရာဟမ်ကလည်း ကာဗာနီလို ကစားသမားသာ ခေါ်ယူနိုင်မယ်ဆိုရင် အသင်းက ပိုအကျိုးရှိနိုင်တယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TodayHeadline

အေဘရာဟမ်က “ချယ်လ်ဆီးလို အသင်းတစ်သင်းမှာ ပါဝင်ကစားနေရသူအဖို့ကတော့ ဖိအားဆိုတာ အမြဲတမ်းကြုံနေရမယ့် အရာပဲလေ။ ကျွန်တော့်အတွက်ကတော့ ဒီဖိအားတွေကနေ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ဖြစ်လာစေခဲ့တယ်။ စွမ်းဆောင်ရည်တွေလည်း ပိုမိုမြင့်မားလာစေခဲ့တယ်။ အသင်းကို ရောက်လာနိုင်ခြေရှိတဲ့ ကစားသမားတွေထဲကမှ ကာဗာနီလို ကစားသမားမျိုးသာ အသင်းကို တကယ်ရောက်လာမယ်ဆိုရင်တော့ အသင်းအတွက် တကယ့်ကို ကောင်းမွန်စေမှာပါ။ သူက တကယ့်ကို တိုက်စစ်မှူးကောင်းတစ်ယောက်ဆိုတာ ကျွန်တော်လည်း သူ့ဆီကနေ သင်ယူလို့ရနိုင်တယ်။ သူ့အတွေးအခေါ်တွေကိုလည်း အတုယူနိုင်တာပေ့ါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အေဘရာဟမ်က အသင်းမှာ အနာဂတ်ပျောက်ဆုံးနေတဲ့ အိုလီဗာဂျရှးနဲ့လည်း တွဲဖက်ပြီး ပွဲထွက်ကစားခွင့်တွေ ပြန်လည်ပိုင်ဆိုင်ချင်ပါတယ်လို့လည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။