MySport Myanmar

ကစားသမားဟောင်း လူကာကူကို အငှားနဲ့ ပြန်လည်ခေါ်ယူသွားချင်နေတဲ့ အင်တာမီလန်

အင်တာမီလန်အသင်းနဲ့အတူ အီတလီစီးရီးအေမှာ (၂)ရာသီကြာ ကျင်လည်ခဲ့ပြီး အသင်းကိုလည်း စီးရီးအေချန်ပီယံဆုပါ ရယူပေးနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ရိုမယ်လူလူကာကူဟာ လက်ရှိမှာတော့ သူရဲ့လက်ရှိကလပ် ချယ်လ်ဆီးအသင်းနဲ့ အဆင်မပြေမှုလေးတွေ ကြုံတွေ့နေရပြီး မပျော်ရွှင်တော့တဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် သူ့ကို သူ့အသင်းဟောင်း အင်တာက ပြန်လည်ခေါ်ယူသွားဖို့ ကြိုးပမ်းဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Blaze Trends

အသက်(၂၈)နှစ်အရွှယ် ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ချယ်လ်ဆီးအသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့လန်ဒန်အပြန်ခရီးစဉ်က အစပိုင်းသာ ကောင်းမွန်ခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ဂို်းရဖို့ ရုန်းကန်လာခဲ့ရသလို အင်တာဗျူးတစ်ခုမှာလည်း အသင်းနဲ့ အဆင်မပြေစေနိုင်မယ့် စကားတွေကိုပါ ထုတ်ပြောမိခဲ့လို့ အသင်းကိုပါ ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ဒါ့အပြင် လူကာကူဟာ သူရဲ့အသင်းဟောင်း အင်တာကို ချစ်ခင်နေကြောင်းနဲ့ တချိန်ကျရင်လည်း အင်တာကို ပြန်သွားချင်တွေပါ ပြောဆိုထားခဲ့တာကြောင့် အဲ့ဒီနောက်ပိုင်းကတည်း ချယ်လ်ဆီးနည်းပြတူဟယ်လ်နဲ့ လူကာကူတို့ကြား ဆက်ဆံရေးတွေ တင်းမာခဲ့ရပါသေးတယ်။

Photo Credit : The Sun

ချယ်လ်ဆီးကို တကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တဲ့ လူကာကူဟာ လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၃၄)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး (၁၂)ဂိုး သွင်းယူထားနိုင်သလို ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုး (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံးကစားထားခဲ့ရတဲ့ ပရီးမီးယားလိဂ် (၄)ပွဲမှာပါ (၃၁)မိနစ်လေးသာ ပါဝင်ထားခဲ့ရတဲ့ လူကာကူဟာ ချယ်လ်ဆီးအသင်းမှာ မပျော်ရွှင်တော့သလို အသင်းရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ အသင်းပိုင်ရှင် အပြောင်းအလဲတွေကြောင့် လာမယ့်နွေမှာပဲ အသင်းနဲ့ ပြန်လည်လမ်းခွဲသွားချင်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ လူကာကူကို အင်တာမီလန်အသင်းက အသင်းဆီကို ပြန်လည်ခေါ်ယူသွားချင်နေတယ်လို့ အီတလီအခြေစိုက် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ လတ်တလောမှာ ဗြိတိန်အစိုးရက ချယ်လ်ဆီးအသင်းအပေါ် ချမှတ်ထားတဲ့ တားမြစ်ချက်တွေကြောင့် အင်တာမီလန်အနေနဲ့ လူကာကူကို အငှားခေါ်ယူမှုနဲ့သာ ကမ်းလှမ်းရဖွယ် ရှိနေပြီး လူကာကူကိုယ်တိုင်ကလည်း သူရဲ့အသင်းဟောင်း ပြန်လည်ပူးပေါင်းရဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။

Exit mobile version