မနေ့ညက ကျင်းပခဲ့တဲ့ ဘန်လေအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းအတွင်း ပါဝင်လာခဲ့ပြီးမှ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းဆင်းနေရင်းနဲ့ ဒဏ်ရာရသွားခဲ့လို့ လူစာရင်းအတွင်းကနေ ချက်ချင်းထွက်ခွာခဲ့ရတဲ့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်ဟာ တံကောက်ကြောဒဏ်ရာကို ခံစားနေရခဲ့ရတာလို့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပွဲအပြီးမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်ရှိ အမေရိကန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် အသင်းရဲ့ ဒီရာသီအစပွဲစဉ်တွေကို လွဲချော်ထားခဲ့ရပြီး အခုလည်း ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းဆင်းရာကနေ တံကောက်ကြောဒဏ်ရာထပ်ရခဲ့လို့ တီမိုဝါနာနဲ့ ချက်ချင်းလဲလှယ်ခဲ့ရကာ ဘန်လေနဲ့ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။ ပူလီဆစ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အသင်းနည်းပြလမ်းပတ်က “သူက တံကောက်ကြောမှာ တခုခုခံစားနေရတာမျိုးပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကို လာမယ့်ကြားရက်လောက်အထိတော့ အနားပေးရဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း နောက်(၂၄)နာရီအတွင်း သေချာစစ်ဆေးပြီးမှပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို သိရှိရမှာပါ”

Photo Credit : Premier League

“အရမ်းကြီး ဆိုးဆိုးရွှားရွှားတော့ မဟုတ်လောက်ဘူးထင်ပါတယ်။ သေချာပေါက်တော့ စစ်ဆေးရဦးမှာပါ။ သူက အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အတူ စွမ်းဆောင်ပေးချင်နေပေမယ့်လည်း သူရဲ့ဒဏ်ရာအခြေအနေက သိပ်မကောင်းသေးဘူးဆိုရင်တော့ လုံလောက်တဲ့ပမာဏလောက်တော့ အနားပေးရပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပူလီဆစ်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၉ခုနှစ် ဇန်နဝါရီလကမှ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအရောက်မှသာ အသင်းနဲ့ ပူးပေါင်းခဲ့ရပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်နဲ့ အက်အေဖလားဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ရာသီမှာတော့ နည်းပြလမ်းပတ်က ပူလီဆစ်ရဲ့ ပုံမှန်ကစားနေကြနေရာဖြစ်တဲ့ ဘယ်ခြမ်းတိုက်စစ်နေရာမှာ မေဆန်မောင့်ကို အသုံးပြုပြီး ပူလီဆစ်ကို ညာခြမ်းပို့ထားခဲ့တဲ့အတွက် မနှစ်ကလို ခြေစွမ်းကောင်းမျိုးတွေ ပြန်လည်ပြသနိုင်ဖို့အတွက် ရုန်းကန်နေရပါတယ်။ ပူလီဆစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ(၅)ပွဲ ပါဝင်ကစားခဲ့ပြီး ခရက်စ်နိုဒါအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပဲ သွင်းဂိုးတစ်ဂိုးသာ ရယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု တစ်ကြိမ်မှမရှိခဲ့ပါဘူး။