အီတလီလူမျိုး နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား မေဆန်မောင့်ဟာ အသင်းကနေ သူ့အတွက် စာချုပ်သစ်ကမ်းလှမ်းချက်ကို လပေါင်းများစွာ စောင့်ဆိုင်းနေရတယ်လို့ ဖော်ပြလာခဲ့ပြီး ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ မေဆန်မောင့်ကိုလည်း ချယ်လ်ဆီးဘက်က ချက်ချင်းသက်တမ်းတိုးဖို့ လုပ်ဆောင်သွားဦးမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။
Photo Credit : The Sun
၂၀၀၅ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီကို ရောက်ရှိနေခဲ့သူ မေဆန်မောင့်ဟာ ချယ်လ်ဆီးစီနီယာအသင်းအတွက် စတင်ပါဝင်ခွင့် မရသေးခင်က နယ်သာလန်ကလပ် ဗွီတက်ဆီအသင်းမှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူရဲ့ဆရာဟောင်း လမ်းပတ် ကိုင်တွယ်ခဲ့တဲ့ ဒါဘီကောင်တီအသင်းဆီ အငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၉ခုနှစ်ကနေ စတင်ပြီး ချယ်လ်ဆီးအတွက် စတင်ကစားပေးနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မောင့်ဟာ အခုဆိုရင် ချယ်လ်ဆီးရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေရုံသာမကပဲ အခုနှစ် အပါအဝင် ဘောလုံးရာသီ (၂)ရာသီဆက်တိုက် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
Photo Credit : Sportsmole
ဒါပေမယ့်လည်း မေဆန်မောင့် ရရှိနေတဲ့ တစ်ပတ်လုပ်ခက ပေါင်(၈၀၀၀၀)သာ ရှိနေပြီး ဒီပမာဏက ချယ်လ်ဆီးစီနီယာအသင်းရဲ့ ကစားသမားတွေကြားမှာ အနည်းဆုံးပမာဏလို့တောင် သတ်မှတ်လို့ရနိုင်တဲ့အပြင် သူရဲ့ စာချုပ်ကိစ္စမှာလည်း အသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းလာဖို့အတွက် လပေါင်းများစွာထိကို စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေး မေဆန်မောင့်ကို သက်တမ်းတိုးဖို့ မဖြစ်မနေ လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့်လည်း အသင်းအတွက် အခြားသော အရေးကြီးတဲ့ကိစ္စတွေ လုပ်ဆောင်ရဖို့ ရှိနေသလို မောင့်ရဲ့ စာချုပ်ကလည်း ၂၀၂၄ခုနှစ်မှသာ ကုန်ဆုံးမှာဖြစ်လို့ ချယ်လ်ဆီးဘက်က ဒီကိစ္စကို urgent အဖြစ် မသတ်မှတ်နိုင်သေးတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ မေဆန်မောင့်ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်က စောင့်ကြည့်လို့နေပြီး ခေါ်ယူသွားနိုင်မယ့် အနေအထားမျိုး ရောက်လာခဲ့ရင် ကမ်းလှမ်းသွားဖို့ပါ ဆန္ဒရှိနေပါတယ်။ တန်ဟက်ဂ်ဟာ မေဆန်မောင့် နယ်သာလန်လိဂ်မှာ လာရောက်ကစားခဲ့စဉ်ကတည်းက မေဆန်မောင့်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်နေတာကြောင့် သူရဲ့ ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေပေမယ့်လည်း မေဆန်မောင့်ကိုယ်တိုင်ကတော့ သူရဲ့ ချယ်လ်ဆီးအသင်းမှာသာ ဆက်လက်ရှိသွားဖို့က သေချာသလောက်ကို ရှိနေပါတယ်။