MySport Myanmar

အားလုံး ထင်နေတာကြတာထက် သူရဲ့ဝမ်းနည်းမှုက ပိုကြီးမားတယ်လို့ ဂျော်ဂျင်ဟို ညည်းတွား

LaPresse - Fabio Ferrari March, 24 2022 Palermo, Italy sport soccer Italy vs Macedonia del Nord - Playoff Qatar World Cup Qualifiers - Renzo Barbera stadium of Palermo In the pic:Delusion of players of Italy.Frello Jorge Luiz Jorginho (Italy)

၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲရဖို့အတွက် အကြိတ်အနယ် ကြိုးပမ်းခဲ့ရတဲ့ အီတလီလက်ရွေးစင်အသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲစဉ်တွေမှာ အုပ်စုဒုတိယနေရာသာ ရရှိခဲ့လို့ ပလေးအော့ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ရပြီး ပလေးအော့ ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားနဲ့ တွေ့ဆုံနေတဲ့အတွက် ပလေးအော့ဖိုင်နယ်ကို တတ်လှမ်းကာ တစ်ဖက်က နိုင်ပွဲရလာမယ့် အသင်းနဲ့ပဲ ကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာအတွက် ဆက်လက်ယှဉ်ပြိုင်ရမယ်လို့ ထင်ထားခဲ့ရပေမယ့်လည်း မမျှော်လင့်ပဲ မက်ဆီဒိုးနီးယားကို အရေးနိမ့်ခဲ့လို့ ကမ္ဘာ့ဖလားအိမ်မက် တစ်ခန်းရပ်သွားခဲ့ရပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာတောင် သိပ်ပါဝင်ခဲ့ခြင်း မရှိပဲ ယူရိုချန်ပီယံ ဖြစ်လာခဲ့ရတဲ့ အီတလီအသင်းဟာ တကယ့်ကို အသင်းကောင်းတစ်သင်း ဖြစ်နေပေမယ့်လည်း ၂၀၂၂ခုနှစ်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းကလိုမျိုး ပလေးအော့အဆင့်မှာ ထပ်မံခြေချော်ခဲ့ရတာကြောင့် ထိခိုက်နစ်နာမှုကြီးတစ်ခုနဲ့ ထပ်မံရင်ဆိုင်လိုက်ရပြန်ပါတယ်။ ဒီလို ခြေချော်မှုဟာ အီတလီ တစ်သင်းလုံးရဲ့ တာဝန်နဲ့ မကင်းသလို ခြေစစ်ပွဲစဉ်တွေအတွင်း ပင်နယ်တီ ကန်သွင်းခွင့် (၂)ကြိမ်ကို အကောင်းဆုံး အသုံးမချနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ အပြစ်လည်း မကင်းကြောင်း သူကိုယ်တိုင်ပါ ဝန်ခံပြောဆိုထားခဲ့ပါတယ်။

Photo Credit : The Sun

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဂျော်ဂျင်ဟိုက “လောကမှာရော ဘောလုံးနယ်ပယ်မှာပါ ခင်ဗျားအနေနဲ့ အနိုင်ရနိုင်တယ် ဒါမှမဟုတ် ရှုံးနိမ့်နိုင်ပါတယ်။ ဒါပေမယ့် တခြားသူတွေထက် ပိုနာကျင်ရတဲ့ ရှုံးနိမ့်မှုတွေဆိုတာ ရှိတတ်တယ်။ ကျွန်တော့်ဝမ်းနည်းမှုက ခင်ဗျားထင်ထားတာထက်ကို ပိုကြီးမားနေတယ်ဆိုတာ ယုံကြည်လိုက်ပါ။ ဘောလုံးက အားကစားတစ်ခုတည်းသာ မကဘူး။ မယုံနိုင်လောက်အောင် တန်ဖိုးရှိတဲ့ ကျောင်းတစ်ခုပါ။ အမှားတွေကနေ သင်ယူဖို့ ခက်ခက်ခဲခဲ အခိုက်အခန့်တွေမှာ စည်းစည်းလုံးလုံးနေဖို့ ဘယ်တော့မှ လက်မလျှော့ဖို့ သင်ကြားပေးတယ်။ အီတလီဂျာစီကို ဝတ်ဆင်ရတာ ကျွန်တော့်အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာပါ။ ငါတိုု့တွေ အမှားတွေကနေ သင်ယူပြီး ပြန်ရုန်းထရပါမယ်။ ဆက်သွားကြရအောင်” လို့ သူရဲ့ အင်စတာဂရမ်ပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ဆွစ်ဇာလန်နဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ခဲ့ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် (၂)ပွဲလုံးမှာ ပင်နယ်တီ(၁)ကြိမ်စီ လွဲချော်ခဲ့ရပြီး အီတလီလည်း (၆)မှတ် ရယူနိုင်ရမယ့် အရေးကနေ (၂)မှတ်သာ ရရှိခဲ့ရပါတယ်။

Exit mobile version