MySport Myanmar

ပူလီဆစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ဂျုဗင်တပ်စ်

အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ ချယ်လ်ဆီးမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ အမေရိကန် တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆစ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ အီတလီ သတင်းမီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အမေရိကန်လက်ရွေးစင် တောင်ပံကစားသမား ပူလီဆစ်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၈)ပွဲအထိ ကစားထားရပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာသာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရတာဖြစ်ပြီး ကျန်တဲ့ပွဲတွေမှာတော့ လူစားဝင်အဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။ ပူလီဆစ်ဟာ နည်းပြဟောင်း သောမတ်စ်တူဟယ်လ် အသင်းကို ကိုင်တွယ်ခဲ့ချိန်ကရော လက်ရှိနည်းပြသစ် ဂရေဟမ်ပေါ်တာ ကိုင်တွယ်နေချိန်မှာပါ သူရဲ့ ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့ ဖြစ်နေရတဲ့အတွက် ကစားသမားကိုယ်တိုင် အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေပြီး သူ့ကိုလည်း ဂျုဗင်တပ်စ်အသင်းက ခေါ်ယူသွားဖို့အတွက် ဆက်သွယ်မှုတွေပါ လုပ်ဆောင်နေတယ်လို့ အီတလီ အခြေစိုက် Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ဂျုဗင်တပ်စ်အသင်းကတော့ ဒီရာသီမှာ ရလဒ်ပိုင်း ကျဆင်းမှုတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရပြီး လက်ရှိမှာ အသင်းနည်းပြ အယ်လီဂရီရဲ့ အနာဂတ် အခြေအနေပါ လှုပ်ခတ်နေရပါတယ်။ ဒါ့အပြင် အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ကွာဒရာဒို ဒီမာရီယာတို့က အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတော့တာကြောင့် ပူလီဆစ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးနည်းပြသစ် ပေါ်တာက ပူလီဆစ်ကို အသင်းမှာ နေရာပေးမပေးက သေချာမသိရသေးပေမယ့် ပူလီဆစ်ကိုသာ ရောင်းချဖြစ်မယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၃၁)သန်းလောက်အထိကို အလိုရှိနေတယ်လို့ သိရပါတယ်။ အသက်(၂၄)နှစ်အရွယ် ကစားသမား ပူလီဆစ်ဟာ ချယ်လ်ဆီးအသင်းနဲ့ နောက်ထပ် (၂)နှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့်လည်း လက်ရှိ အခြေအနေအရ ကစားသမားက အသင်းနဲ့ လမ်းခွဲချင်နေပြီး ဂျုဗင်တပ်စ်ကလည်း လာမယ့် နွေမှာ ပူလီဆစ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်က တောင်ပံနေရာအတွက် ပူလီဆစ် တစ်ဦးတည်းသာမကပဲ ဝုလ်ဗ်ရဲ့ စပိန်တောင်ပံကစားသမား ထရာအိုရေးကိုပါ ပစ်မှတ်ထားလို့နေပါတယ်။

Exit mobile version