MySport Myanmar

အန်ဆု ဖာတီကို တရာသီအငှားနဲ့ ခေါ်ယူဖို့ အပြိုင် ကြိုးစားနေတဲ့ ချယ်လ်ဆီးနဲ့ စပါး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ စပါးတို့က စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အန်ဆု ဖာတီကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၀ အရွယ် စပိန်လက်ရွေးစင် လူငယ်တိုက်စစ်မှူး အန်ဆု ဖာတီက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီ ကနေ ပေါ်ထွက်လာတဲ့ အရည်အသွေးမြင့် ကစားသမား ဖြစ်ပြီး သူက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ၁၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အန်ဆု ဖာတီက အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ဘယ်ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ပြိုင်ဘက်တွေကို တဦးချင်း လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း ရှိသလို ဂိုးသွင်းခွင့်တွေ ရလာရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးသတ်နိုင်စွမ်း ရှိပါတယ်။

အန်ဆု ဖာတီက အရည်အသွေးကောင်းတွေ ရှိသလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့် ဖြစ်ပေမယ့် ဘာစီလိုနာနည်းပြချုပ် ဇာဗီက အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ယာအို ဖီးလစ်ကို ခေါ်ယူချင်နေတာကြောင့် ဘာစီလိုနာဟာ ဖာတီကို အသင်းပြောင်းခွင့် ပေးဖို့ ဆုံးဖြတ်ထားတာပါ။

Photo Credit: Sports

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဖာတီရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်စ်က သူ့ရဲ့ ကစားသမားကို လန်ဒန်အခြေစိုက် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ စပါးနဲ့ ချယ်လ်ဆီးတို့ဆီ ကမ်းလှမ်းထားပြီး နှစ်သင်းစလုံးက ဖာတီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားကြောင်း သိရပါတယ်။

ချယ်လ်ဆီးနဲ့ စပါး နှစ်သင်းစလုံးက အန်ဆု ဖာတီကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာန တချို့က ဖော်ပြထားပြီး ဘာစီလိုနာကတော့ အန်ဆု ဖာတီကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့သာ အသင်းပြောင်းခွင့် ပေးချင်နေပါတယ်။

Exit mobile version