လက်ရှိ နွေစျေးကွက် အတွင်းမှာ ခပ်မြန်မြန် ခပ်သွက်သွက် လှုပ်ရှားနေတဲ့ အသင်းကို ပြပါ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးအသင်းကို ပြရမှာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လူခေါ်ယူမှု ပိတ်ပင်ခံခဲ့ရတာကြောင့် ကစားသမားတစ်ဦးကိုမှ ခေါ်ယူခြင်း မရှိပဲ ရှိရင်းစွဲ ကစားသမားတွေနဲ့သာ အသင်းကို တည်ဆောက်ခဲ့ရတာကြောင့် လက်ရှိ နွေစျေးကွက် အတွင်းမှာတော့ အသင်းကို အင်အားဖြည့်တင်းဖို့ ခပ်မြန်မြန် လှုပ်ရှားနေပြီး ငွေကြေး အလုံးအရင်းကို အသုံးပြုနေပါတယ်။ ယနေ့မနက်မှာ ရရှိထားတဲ့ သတင်းတွေ အရတော့ ချယ်လ်ဆီးအသင်းဟာ ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗား ၊ ဘယ်နောက်ခံလူ ဘန်ချီဝဲလ် ၊ ကွင်းလယ်တိုက်စစ် ကစားသမား ဟားဗက်တို့ကို တစ်ပြိုင်နက်ထဲ ခေါ်ယူနိုင်တော့မယ် လို့ သိရှိရပါတယ်။

Photo Credit: Sky Sports

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးဆုံးသွားတဲ့ အချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဘရာဇီးလ် ဝါရင့် ဗဟိုခံစစ်မှူး သီယာဂို ဆေးလ်ဗားဟာ ချယ်လ်ဆီးအသင်းနဲ့ ၂နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုတော့မယ် လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားခဲ့ကြပါတယ်။ သီယာဂို ဆေးလ်ဗားဟာ ချယ်လ်ဆီးအသင်းထံကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာမှာ ဖြစ်ပြီး ချယ်လ်ဆီးအသင်း အတွက်တော့ ထိပ်တန်း ခံစစ်မှူး တစ်ဦးကို ပြောင်းရွှေ့ကြေး သုံးစွဲရခြင်း မရှိပဲ ခေါ်ယူနိုင်ခဲ့တာဟာ အတော်လေးကို ကောင်းမွန်တယ် လို့ ဆိုရမှာပါ။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟားဗက်ကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဖြစ်တဲ့ Fabrizio Romanoရဲ့ ဖော်ပြချက် အရတော့ ချယ်လ်ဆီးအသင်းဟာ ကိုင်ဟားဗက်ကို ခေါ်ယူဖို့အတွက် လေဗာကူဆင်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ဟားဗက်အတွက် လေဗာကူဆင်အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ယူရို၈၀သန်း + အပိုဆုကြေး ယူရို၂၀သန်း စုစုပေါင်း ယူရို၁၀၀သန်း ပေးချေရမယ် လို့ သိရပါတယ်။ ဟားဗက်ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ လန်ဒန်မြို့ကို လာရောက်ကာ ဆေးစစ်မှု ခံယူပြီး ၅နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုမှာပါ။ တစ်ဖက်မှာလည်း ချယ်လ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပြီး လက်ရှိအချိန်မှာ ဘန်ချီဝဲလ် ရရှိထားတဲ့ ဒဏ်ရာပြဿနာ ပျောက်ကင်းသွားပါက ဆေးစစ်မှု ပြုလုပ်တော့မယ်လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရလည်း သိထားရပါတယ်။