ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်း ကတော့ သူတို့အသင်းရဲ့ အဓိကပြိုင်ဘက် အသင်းတသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဝက်ဖို့ဒ် လူငယ်ကြယ်ပွင့် အေကိုမက်စ်ကို ကြားဖြတ် ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

ဝက်ဖို့ဒ်အသင်းနဲ့ အတူ ယခုနှစ် ဘောလုံးရာသီမှာ တောက်ပနေတဲ့ လူငယ် အစွန်နောက်ခံလူ အေကိုမက်စ်ကို ခေါ်ယူဖို့ အတွက် လီဗာပူးအသင်းနဲ့ ဘုန်းမောက်အသင်းတို့က ဦးစွာ ကြိုးစားခဲ့ကြပေမယ့် ချယ်လ်ဆီးအသင်းက အေကိုမက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာချိန်မှာတော့ အေကိုမက်စ်က ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Metro

ဘယ်အစွန်နဲ့ ညာအစွန် နှစ်နေရာစလုံးမှာ ကစားနိုင်တဲ့ အေကိုမက်စ်ဟာ ချယ်လ်ဆီးနဲ့ အာဆင်နယ် ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ အက်ရှလေကိုးလ် လက်သစ်လို့ တင်စားခံထားရသူ တဦး ဖြစ်ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူ အများအပြားရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားပါတယ်။

လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အေကိုမက်စ်ဟာ ယမန်နေ့မှာပဲ ချယ်လ်ဆီးအသင်းနဲ့ ဆေးစစ်မှုတွေ အောင်မြင်ခဲ့ကာ ချယ်လ်ဆီးအသင်းက အေကိုမက်စ်ကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

 

Photo Credit: Metro

ချယ်လ်ဆီးအသင်းရဲ့ ဝန်ထမ်းတဦး ကတော့ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အေကိုမက်စ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေတာကြောင့် အေကိုမက်စ်အနေနဲ့ လက်ကျန် ရာသီဝက် တခုမှာသာ လူငယ်အသင်းတွေနဲ့ ကစားရဖို့ ရှိနေပြီး လာမယ့် ဘောလုံးရာသီမှာ အသင်းကြီးထံ ခေါ်ယူဖို့ စီစဉ်ထားကြောင်း သတင်းဌာန တခုကို ထုတ်ဖော် ပြောကြားထားပါတယ်။