ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်သူ ဂါးလက်စ်က သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးဟာ အောင်မြင်မှုတွေ ရယူချင်ရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခေါ်ယူသင့်ပြီး အထူးသဖြင့် ဘရူနို ဖာနန်ဒက်စ်ဟာ ချယ်လ်ဆီးအသင်း လိုအပ်နေတဲ့ ကစားသမား ဖြစ်ကြောင်း အကြံပေးလာခဲ့ပါတယ်။

အသက် ၄၆နှစ် အရွယ် ပြင်သစ်ဂန္တဝင် ဗဟိုနောက်ခံလူဟောင်း ဝီလီယံ ဂါးလက်စ်က ချယ်လ်ဆီးနဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ နာမည်ကြီးလာခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီး ၊ အာဆင်နယ် ၊ စပါး စတဲ့ လန်ဒန်မြို့ရဲ့ အင်အားကြီးအသင်း ၃သင်းစလုံးမှာ ကစားခဲ့ဖူးသူပါ။

Photo Credit: Metro

တဖက်မှာတော့ ဂါးလက်စ်ရဲ့ ချယ်လ်ဆီးက မန်ချက်စတာ ယူနိုက်တက်ရဲ့ နန်းကျခန်း အပြီးမှာ ပရီးမီးယားလိဂ်ကို အချိန်အနည်းငယ်ကြာ အုပ်စိုးနိုင်ခဲ့ပေမယ့် အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် ကွင်းတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတော်လေး ရုန်းကန်နေရပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ဥရောပဝင်ခွင့် ရယူနိုင်ဖို့ မရေရာတဲ့ အနေအထားကို ရောက်နေပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင်သစ် တော့ပ် ဘိုလေရဲ့ လက်အောက်မှာ တန်ကြေးမြင့် အပြောင်းအရွှေ့ များစွာကို ပြုလုပ်ကာ အသင်းကို စဉ်ဆက်မပြတ် အားဖြည့်ခဲ့ပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေဟာ ချယ်လ်ဆီးဆီ ရောက်ရှိပြီးနောက် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတွေကို မပြသနိုင်ထားနိုင်တာကြောင့် ချယ်လ်ဆီးကလည်း ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲနေပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ဝီလီယံ ဂါးလက်စ်က Gambling Zoneနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချယ်လ်ဆီးဟာ ရပ်ရှ်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့လို ကစားသမားကောင်းတွေကို အသင်းဆီ ခေါ်ယူသင့်ပြီး လူငယ်ကြယ်ပွင့်တွေကို အကောင်းဆုံး ဦးဆောင်ပေးနိုင်တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ချယ်လ်ဆီးအသင်း လိုအပ်နေတဲ့ ကစားသမား ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဂါးလက်စ်က – “မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့က ချယ်လ်ဆီးအသင်း ရွေးချယ်သင့်တဲ့ ကစားသမားကောင်းတွေပါ။ နှစ်ယောက်စလုံးကလည်း အရည်အသွေးမြင့် ကစားသမားကောင်းတွေ ဖြစ်ပါတယ်။ ဘရူနိုက ချယ်လ်ဆီးရဲ့ အားနည်းချက် တခု ဖြစ်တဲ့ နံပါတ်(၁၀)နေရာမှာ ကစားနိုင်တဲ့ ကစားသမား မရှိတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ကစားသမားမျိုးပါ။ ချယ်လ်ဆီးက လူငယ်ကြယ်ပွင့်တွေနဲ့ ပြည့်နေတာပါ။ ဘရူနိုက ခက်ခဲတဲ့ အချိန်တွေမှာ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သူက ချယ်လ်ဆီးအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တခု ဖြစ်လာပါလိမ့်မယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။