ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဂျေဒန် ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးမှုများ ပျက်ပြယ်ခဲ့ပြီးနောက် ချယ်လ်ဆီးက ဆန်ချိုအတွက် ယူနိုက်တက်အသင်းဆီ လျော်ကြေးပေးဆောင်ပြီး ပြန်လည် ပို့ဆောင်တော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်ကနေ တစ်ရာသီအငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ အသက်(၂၅)နှစ်အရွယ် ဆန်ချိုရဲ့ အငှားစာချုပ်မှာ ပေါင်(၂၅)သန်းတန် အပြီးသတ် ခေါ်ယူနိုင်ခွင့်ကိုပါ ထည့်သွင်းထားခဲ့ပေမယ့် ချယ်လ်ဆီးဘက်က ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုက မအောင်မြင်ခဲ့တာကြောင့် ဆွေးနွေးမှု ရပ်တန့်သွားခဲ့တယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Evening Standard
ဆန်ချိုနဲ့ ချယ်လ်ဆီးကြား သဘောတူညီမှု မရရှိခဲ့သောကြောင့် အသင်းအနေနဲ့ အငှားစာချုပ်ပါ အပြီးသတ်ခေါ်ယူခွင့်ကို ငြင်းပယ်တာကြောင့် ပေါင်(၅)သန်းတန် လျော်ကြေးကို ပေးဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။ တောင်ပံကစားသမား ဆန်ချိုဟာ ဇွန်လ(၃၀)ရက်နေ့မှာ သူရဲ့အငှားသက်တမ်း ကုန်ဆုံးတာနဲ့ ယူနိုက်တက်ဆီ ပြန်သွားရမှာဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်မှာ အခြားအသင်းများရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းရဖွယ် ရှိပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆန်ချိုရဲ့ အချိန်ကာလက တိုတောင်းခဲ့ပေမယ့်လည်း ထူးခြားပြောင်မြောက်တဲ့ အခိုက်အတန့်များ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ လူစားဝင်လာပြီး အနိုင်ဂိုးဖန်တီးပေးခဲ့ရာ ချယ်လ်ဆီးပရိသတ်များရဲ့ ထောက်ခံ အားပေးသံများကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရိုကလောမြို့တွင် ယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေ ကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲမှာလည်း ရီးရဲလ် ဘက်တစ်အသင်းကို သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး အသင်းအတွက် ဆုဖလား ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုရဲ့ ရာသီတစ်လျှောက် ခြေစွမ်းတည်ငြိမ်မှုမရှိခြင်းက စတမ်းဖို့ဒ်ဘရစ်ချ်မှာ သူရဲ့အနာဂတ်ကို အရိပ်မည်းထိုးသွားစေခဲ့ပါတယ်။
Photo Credit : Football Transfer
ဆန်ချိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ(၄၂)ပွဲ ပါဝင်ကစားခဲ့ပြီး (၅)ဂိုးသွင်း ဂိုးဖန်တီးမှု(၁၀)ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် အင်္ဂလန် ကစားသမားဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မတိုင်မီ သောမတ်စ် တူဟယ်လ်ရဲ့ ယုံကြည်မှုကို ရရှိဖို့နဲ့ အမြင့်ဆုံးအဆင့်မှာ မိမိကိုယ်ကို ထပ်မံသက်သေပြဖို့အတွက် ပရီးမီးယားလိဂ်နဲ့ ဥရောပတစ်ခွင်မှာ သူရဲ့အနာဂတ်ကို ရှာဖွေရတော့မှာပဲ ဖြစ်ပါတယ်။
ဆန်ချိုရဲ့ ယူနိုက်တက်မှာ ရှိခဲ့တဲ့ ကာလဟာလည်း နှစ်ရာသီခွဲအတွင်း ပွဲပေါင်း(၈၃)ပွဲသာ ကစားခဲ့ရပြီး ခြေစွမ်းလည်း သိပ်မပြနိုင်ခဲ့သလို နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်နဲ့လည်း အဆင်မပြေ ဖြစ်ခဲ့ပြီး ဒေါ့မွန်နဲ့ ချယ်လ်ဆီးတို့ဆီ အငှားထွက်ကစားခဲ့ရပါတယ်။ ဆန်ချိုအနေနဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့ခြင်းဟာ ဘောလုံးသမားဘဝကို ပြန်လည် တည်ဆောက်ဖို့ အခွင့်အရေး ဖြစ်ခဲ့ပေမယ့်လည်း အပြီးသတ် ပြောင်းရွှေ့ဖို့က သဘောတူညီမှု မရခဲ့လို့ အသင်းသစ်တစ်သင်းကိုသာ ရှာဖွေရပါတော့မယ်။