ချယ်လ်ဆီးအသင်းက လာမယ့်ဘောလုံးရာသီအတွက် ပြင်ဆင်မှုတွေကို အားကောင်းကောင်းနဲ့ လုပ်ဆောင်လျက်ရှိနေပြီး ကွင်းလယ်ကစားသမားဇီယက်ရှ်နဲ့ တိုက်စစ်မှူးတီမိုဝါနာတို့ကို ခေါ်ယူခဲ့ပြီးနောက်မှာ ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ခံစစ်ကစားသမား ဒစ်ကလန်ရိုက်စ်ကိုပါ ထပ်မံခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပြီး ပြောင်းရွှေ့ကြေးတစ်စုံတစ်ရာနဲ့ ခေါ်ယူနိုင်ဖို့ထက် အသင်းက ကစားသမားတွေကိုသာ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေပြီး အသင်းရဲ့ကွင်းလယ်ကစားသမား ရိုစ့်ဘာကလေနဲ့ တိုက်စစ်ကစားသမား ဘတ်ရှအာယီတို့နဲ့ တိုက်ရိုက်လဲလှယ်ဖွယ် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဒစ်ကလန်ရိုက်စ်ဟာ ချယ်လ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ကာ လူငယ်အသင်းမှာ (၈)နှစ်တာအထိ ဖြတ်သန်းခဲ့ဖူးသလို လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားဖြစ်တဲ့ မေဆန်မောင့်နဲ့လည်း အသင်းဖော်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ရိုက်စ်ဟာ ၂၀၁၅ခုနှစ်ကနေစတင်ပြီး ဝက်စ်ဟမ်းစီနီယာအသင်းမှာ ပါဝင်ကစားခဲ့ရသလို အသင်းရဲ့ ကွင်းလယ်ပိုင်းမှာလည်း ပုံမှန်ပွဲထွက်ကစားခွင့်တွေကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းက ဝါနာနဲ့ဇီယက်ရှ်တို့ကို ခေါ်ယူခဲ့စဉ်မှာ ပြောင်းရွှေ့ကြေးကို ပေါင်သန်းတစ်ရာဝန်းကျင်လောက် သုံးစွဲထားခဲ့ရတာဖြစ်ပြီး နောက်ထပ်ကစားသမားသစ်တွေကိုလည်း ဆက်လက်ခေါ်ယူသွားဦးမှာဖြစ်လို့ ဒစ်ကလန်ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးကို မသုံးစွဲသွားချင်ပဲ အသင်းရဲ့ကစားသမား(၂)ယောက်နဲ့အတူ တိုက်ရိုက်လဲလှယ်သွားချင်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးက ရိုက်စ်အတွက် ဘာကလေနဲ့ ဘတ်ရှအာယီတို့ (၂)ယောက်ကို အလိုက်ပေးသွားချင်နေပြီး တကယ်လို့ ချယ်လ်ဆီးဘက်ကနေသာ ဒီလိုကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ဝက်စ်ဟမ်းဘက်ကနေ လက်ခံဖွယ်ရှိနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့နည်းပြ ဖရန့်လမ်းပတ်ကတော့ အသင်းရဲ့ခံစစ်ပိုင်းကို အဓိကအားဖြည့်သွားရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သလို ဘယ်နောက်ခံနေရာအတွက် အေဂျက်စ်အသင်းရဲ့အာဂျင်တီးနားခံစစ်အစွန်လူ တာဂလီယာဖီဂိုကို ပစ်မှတ်ထားလို့နေပြီး ရိုက်စ်ကိုတော့ ကွင်းလယ်ပိုင်းထက် ဗဟိုခံစစ်နေရာမှာ အသုံးပြုဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လမ်းပတ်က ဂိုးသမားနေရာအတွက် အသက်လက်တီကိုမက်ဒရစ် ဂိုးသမားအော့ဘလက်ကို ပစ်မှတ်ထားနေကာ ပြောင်းရွှေ့ကြေးကတော့ ပေါင်သန်းတစ်ရာကျော်ဖွယ် ရှိနေပါတယ်။