အသက်လက်တီကိုမက်ဒရစ်အသင်းကတော့ ဒီရက်ပိုင်းလေးမှာပဲ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ရတဲ့ တိုက်စစ်မှူးဒီယေဂိုကော်စတာရဲ့နေရာမှာ နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ကို အစားထိုးခေါ်ယူသွားဖို့အတွက် ပြင်ဆင်လျက်ရှိနေရာ လတ်တလောမှာ ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်ပြင်သစ်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပြီး မကြာခင်မှာပဲ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ဒီယေဂိုကော်စတာဟာ တကယ်တော့ ဒီနှစ်ရာသီအကုန်မှသာ အသက်လက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း ကစားသမားဘက်က ဆောင်းစျေးကွက်မတိုင်ခင်မှာပဲ အသင်းနဲ့ လမ်းခွဲဖို့အထိပါ တောင်းဆိုလာခဲ့တဲ့အတွက် နောက်ဆုံးမှာ အသင်းဘက်ကနေ လိုက်လျောပေးခဲ့တာပြီး စာချုပ်ဖျက်သိမ်းပေးလိုက်တာကြောင့် အခုဆိုရင် ကော်စတာဟာ အသင်းလက်မဲ့ ကစားသမားတစ်ယောက် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : The Sun

လက်ရှိတော့ အသက်လက်တီကိုအသင်းရဲ့ တိုက်စစ်ပိုင်းမှာ တိုက်စစ်ကစားသမားစစ်စစ်ဆိုလို့ လူးဝစ်ဆွာရက်ဇ်နဲ့ ယာအိုဖီးလစ်တို့နှစ်ယောက်သာ ကျန်ရှိနေတော့တဲ့အတွက် မနက်ဖြန်မှာ စတင်ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီစျေးကွက်အတွင်း တိုက်စစ်မှူးတစ်ယောက်ကို ပြန်လည်အလိုရှိလို့နေပါတယ်။ လက်ရှိမှာတော့ အသက်လက်တီကိုအသင်းဟာ ချယ်လ်ဆီးမှာ နေရာရဖို့အတွက် ရုန်းကန်နေရလျက်ရှိနေတဲ့ ဝါရင့်ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရူးကို ကော်စတာရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပြီး ဂျရူးကိုယ်တိုင်ကလည်း လာမယ့် ယူရိုပြိုင်ပွဲအတွင်းမှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ဝင်ရောက်ဆင်နွဲခွင့် ရရှိဖို့အတွက် ကလပ်အသင်းမှာ ပွဲထွက်ကစားခွင့်တွေကို ဒီထက်မက ပိုမိုရရှိချင်နေတာဖြစ်ပါတယ်။ ဂျရူးဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲအနည်းငယ်လောက် ပါဝင်ကစားထားခဲ့ရပေမယ့် ပြိုင်ပွဲစုံသွင်းဂိုး(၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာဆိုရင်လည်း ဟက်ထရစ်သွင်းယူခဲ့ကာ ဒီရာသီ သူရဲ့ချန်ပီယံလိဂ်သွင်းဂိုးတောင် (၅)ဂိုးအထိ ရှိလာခဲ့ရပါတယ်။ ဂျရူးကို အင်တာမီလန်အသင်း ဝက်စ်ဟမ်းအသင်းတို့ကလည်း ပစ်မှတ်ထားလို့နေပြီး ကစားသမားကိုယ်တိုင်က သူရဲ့အနာဂတ်အတွက် ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးပါဘူး။