ချယ်လ်ဆီးအသင်းဟာ အသင်းအတွက် တစ်ကြိမ်တစ်ခါမှတောင် ပါဝင် ကစားခဲ့ဖူးခြင်း မရှိသေးတဲ့ လူငယ် တောင်ပံကစားသမားလေး အန်ဂျလို ဂါဘရီရယ်လ်ကို ရောင်းထုတ်ခဲ့မှုကနေ ပေါင် (၆.၅)သန်းအထိတောင် အမြတ်အစွန်း ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် ဆယ်ကျော်သက် တောင်ပံကစားသမား အန်ဂျလိုဟာ နာမည်ကျော် ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၂၃ခုနှစ်မှာပဲ ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် (၁၃)သန်းနဲ့ ခေါ်ယူပြီး ကာလရှည် စာချုပ်တစ်ရပ်ပါ ချုပ်ဆိုခဲ့ပါတယ်။

Photo Credit : Pinterest

အန်ဂျလိုဟာ ချယ်လ်ဆီးအတွက် ရာသီကြို ခြေစမ်းပွဲတွေမှာသာ ပါဝင်ခဲ့ရပြီးနောက် ချယ်လ်ဆီးပိုင်ရှင်တွေ ထပ်မံ ဝယ်ယူထားတဲ့ ပြင်သစ် လီဂူးဝမ်းကလပ် စထရာဘိုးအသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရပြီး စထရာဘိုးအတွက် လီဂူး (၂၁)ပွဲ ပါဝင်ကစားခဲ့ရင်း (၄)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

စထရာဘိုးနဲ့ အငှားစာချုပ် ပြည့်သွားချိန် ချယ်လ်ဆီးဆီ ပြန်ရောက်လာခဲ့တဲ့ အန်ဂျလိုဟာ ချယ်လ်ဆီးအတွက် နောက်ထပ် ရာသီကြို ပွဲစဉ်တွေသာ ပါဝင်ခဲ့ရပြီး တကယ့် တရားဝင်ပွဲစဉ်တွေမှာတော့ အသင်းရဲ့ အရန်ကစားသမားစာရင်းမှာတောင် မပါဝင်ခဲ့ရပဲ နောက်ဆုံးမှာတော့ အသင်းကနေ အပြီးသတ်ပါ ထွက်ခွာလိုက်ရပါတယ်။

Photo Credit : The Nassr Zone

ဒီလို အခြေအနေမျိုး ရှိနေတဲ့ အန်ဂျလိုကို ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းက ဆော်ဒီလိဂ် နွေဈေးကွက် နောက်ဆုံးနေ့မှာပဲ ပြောင်းရွှေ့ကြေး ပေါင် (၁၉)သန်းဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။ အခုဆိုရင် အန်ဂျလိုက ခရစ္စတီယာနို ရော်နယ်လ်ဒိုလို GOAT ကြီး တစ်ဦးနဲ့ပါ တွဲဖက် ကစားသွားရတော့မှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ အင်္ဂလန် နွေဈေးကွက် ပိတ်သိမ်းသွားချိန်မှာတောင် သူတို့အသင်းမှာ အသုံးပြုခြင်း မရှိတဲ့ ကစားသမား အန်ဂျလိုကို ပေါင် (၆.၅)သန်းအထိ အမြတ်အစွန်း ရရှိအောင် ရောင်းချလိုက်နိုင်တဲ့ ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေအပေါ် ဆောင်ရွှက်မှုက တကယ် လက်ဖျားခါလောက်အောင် ကောင်းမွန်လှပါတယ်။