MySport Myanmar

ဒီယောင်းကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်လာတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ နယ်သာလန်ကြယ်ပွင့် ကွင်းလယ်ကစားသမား ဖရန်ကီဒီယောင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀)နဲ့ ခေါ်ယူသွားဖို့အတွက် အခြေအနေကောင်းလာခဲ့ရပြီ ဖြစ်သလို ဘာစီလိုနာဘက်ကလည်း ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့လည်း နီးစပ်နေပြီလို့ စပိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : We Ain’t Got Not Histrory

ဒီနှစ် နွေဈေးကွက်အတွင်းမှာ အနာဂတ် အခြေအနေ အလှုပ်ခတ်ဆုံး ဖြစ်နေရတဲ့ ကွင်းလယ်လူ ဒီယောင်းဟာ ဈေးကွက်ထဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တောက်လျှောက် သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ ချယ်လ်ဆီးနဲ့ သတင်းထွက်လာခဲ့ရပြီး လတ်တလောမှာလည်း ချယ်လ်ဆီးက ဒီယောင်းအတွက် ဘာစီလိုနာဘက်က သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်း ကမ်းလှမ်းလာဖို့ပါ ပြင်ဆင်နေပြီလို့ သဘောတူညီမှု ရရှိဖို့ပါ နီးစပ်နေရတယ်လို့ စပိန်သတင်းစာတွေမှာ ဖော်ပြနေကြပါတယ်။ ဒီယောင်းအတွက် ချယ်လ်ဆီးနဲ့ ဘာစီလိုနာတို့ကြား ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်လာခဲ့သည့်တိုင် ဒီယောင်းကိုယ်တိုင်က ဘာစီလိုနာကနေ ထွက်ခွာဖို့ကို ငြင်းဆန်နေဆဲဖြစ်လို့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက်ကို ချယ်လ်ဆီးအနေနဲ့ ဒီယောင်းရဲ့ သဘောတူညီချက်ကို လိုအပ်နေရသေးတာ ဖြစ်ပါတယ်။

Photo Credit : CaughtOffside

လက်ရှိမှာလည်း ဘာစီလိုနာဘက်က ဒီနွေဈေးကွက်ထဲ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို လာမယ့် (၁၃)ရက်နေ့အတွင်း စပိန်လာလီဂါမှာ စာရင်းသွင်းရဖို့ ရှိနေတဲ့အတွက် အသင်းရဲ့ စီနီယာ ကစားသမားတွေထဲကမှ ပီကေး ဘူးစကတ်စ် တာစတီဂန်နဲ့ ဒီယောင်းတို့ကို လစာလျှော့ယူဖို့ တောင်းဆိုထားခဲ့ပြီး ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမားတွေဖြစ်တဲ့ ပီကေးနဲ့ ဘူးစကတ်စ်တို့အပြင် ဂိုးသမား တာစတီဂန်ကပါ လစာလျှော့ယူဖို့ သဘောတူခဲ့ပေမယ့် ဒီယောင်းကတော့ ဒီတောင်းဆိုမှုကို ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေမှာ ဒီယောင်းဘက်က အသင်းက ထွက်ခွာဖို့ကိုရော လစာလျှော့ယူဖို့ကိုပါ ငြင်းဆန်ထားခဲ့တဲ့အပြင် ၂၀၂၀ခုနှစ် အောက်တိုဘာလက ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်ဟောင်းတွေရဲ့ ပီကေး စတီဂန် လွန်ဂလတ်နဲ့ ဒီယောင်းတို့ လေးဦးကို စာချုပ်သက်တမ်းတွေတိုးပြီး ဘဏ္ဍာရေး အကျပ်အတည်းတွေ ဖြေရှင်းနိုင်ခဲ့ခြင်းမှာ ဘောလုံးရာသီ နှစ်ရာသီအတွင်း လစာပေးချေမှု လျှော့ယူခဲ့ပေမယ့် အခု ဒီရာသီမှာ မူလ စာချုပ်တန်ဖိုးထက် မြင့်တတ်သွားမှာဖြစ်လို့ ဘာစီလိုနာဘက်ကနေ ယခင်စာချုပ်တွေအတိုင်းသာ ပြန်ယူပေးဖို့ အသိပေးထားခဲ့သလို ဒီအသိပေးမှုကိုလည်း ဒီယောင်းဘက်က လက်ခံဖွယ် မရှိလို့ ဘာစီလိုနာက တရားစွဲဆိုမှုတွေကပါ ပြုလုပ်ဖွယ် ရှိနေရတယ်လို့ သိရပါတယ်။

 

Exit mobile version