MySport Myanmar

လူကာကူ အပြောင်းအရွှေ့အတွက် ဒီဗရိုင်းကိုပါ ထည့်သွင်းဖို့ ချယ်လ်ဆီးနဲ့အင်တာ ဆွေးနွေးနေ

ချယ်လ်ဆီးအသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ ချယ်လ်ဆီးရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ရိုမယ်လူလူကာကူရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေရာ လက်ရှိမှာတော့ လူကာကူ အပြောင်းအရွှေ့အတွင်း အင်တာနောက်ခံလူ ဒီဗရိုင်းကိုပါ ထည့်သွင်းလာဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့နွေကမှ အင်တာမီလန်ကနေ အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီကို ပေါင်(၉၇.၅)သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာတာဖြစ်ပေမယ့် လန်ဒန်မြေမှာ ခြေစွမ်းပြနိုင်ဖို့ ခက်ခဲစွာ ရုန်းကန်နေခဲ့ရပါတယ်။ ပုံမှန်နေရာအတွက်ပါ ခဲယဉ်းလာခဲ့ရတဲ့ လူကာကူက အင်တာမီလန်အသင်းဆီကိုသာ ပြန်သွားချင်တဲ့ စိတ်တွေဖြစ်လာခဲ့ရပြီး ချယ်လ်ဆီးအသင်းဆီ ရောက်ရှိနေစဉ် Sky Italia နဲ့ အင်တာဗျူးမှာလည်း သူ့အသင်းဟောင်း အင်တာအပေါ် ချစ်မြတ်နိုးကြောင်းနဲ့ တစ်နေ့မှာ အင်တာကို ပြန်သွားမှာဖြစ်ကြောင်းတွေကို ထုတ်ဖော်ပြောဆိုထားခဲ့ဖူးပါသေးတယ်။

Photo Credit : The Sun

ကစားသမားကိုယ်တိုင် သူ့အသင်းဟောင်းကို ပြန်သွားချင်နေတာမဟုတ်ပဲ အင်တာမီလန်အသင်းဘက်ကပါ သူတို့ရဲ့ ကစားသမားဟောင်း လူကာကူကို ပြန်လည်ခေါ်ယူသွားချင်နေပါတယ်။ လတ်တလောမှာတော့ လူကာကူရဲ့ ရှေ့နေဖြစ်သူကပါ အင်တာအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အင်တာဆီ ပြန်လည်ပြောင်းရွှေ့လာနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထွက်ပေါ်ထားခဲ့ပါတယ်။ အင်တာဘက်ကတော့ လူကာကူ လက်ရှိရရှိနေတဲ့ လုပ်ခလစာ (၃၂၅၀၀၀)ကို လျှော့ချသွားချင်နေတဲ့အပြင် လူကာကူ ဒီနှစ်နွေစျေးကွက်အတွင်း တစ်ရာသီအငှားနဲ့ ခေါ်ယူပြီးမှ အငှားသက်တမ်းပြည့်ချိန်မှာ ပေါင်သန်း(၆၀)လောက်နဲ့ အပြီးသတ် ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုကမ်းလှမ်းဖို့ ပြင်ဆင်ထားတဲ့ အင်တာအသင်းဟာ အခုဆိုရင် သူတို့ရဲ့ နယ်သာလန် နောက်ခံလူ ဒီဗရိုင်းကိုပါ လူကာကူ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ပါ ထည့်သွင်းကမ်းလှမ်းသွားဖို့ထိပါ ထပ်မံပြင်ဆင်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ကလည်း ရူဒီဂါ ခရစ္စတန်ဆန်တို့လို ဗဟိုခံစစ်မှူးတွေ ဆုံးရှုံးထားရတာဖြစ်လို့ ဒီဗရိုင်းလို အတွေ့အကြုံရှိ center back တစ်ဦးကို ပြန်လည်အလိုရှိနေသလို နည်းပြတူတယ်လ်ကိုယ်တိုင် ဒီဗရိုင်းကို ခေါ်ယူချင်နေတာကြောင့် ဒီအပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ ဖြစ်လာရပါလိမ့်မယ်။

Exit mobile version