ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ပြင်သစ် ကွင်းလယ်ခံစစ် ကစားသမား အန်ဂိုလို ကန်တီကို လက်ရှိ နွေရာသီ စျေးကွက်အတွင်းမှာ ကမ်းလှမ်း လာတဲ့ အသင်းရှိရင် ရောင်းချဖို့ဆုံးဖြတ်လိုက်ပြီလို့ ဥရောပ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ကစားသမား ခေါ်ယူမှု အများဆုံး ပြုလုပ်ထားတဲ့ ထိပ်တန်း အသင်း ဖြစ်ပြီး လက်ရှိအချိန်အထိ အပြီးသတ် ကစားသမားခေါ်ယူမှု ၆ခု ပြုလုပ် ထားသလို လေဗာကူဆင်အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟားဗက်ကိုလည်း ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit: Mirror

ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူရာကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၀၀ သန်း ကျော် ကုန်ကျမှာ ဖြစ်တာကြောင့် ဥရောပရဲ့ နာမည်ကျော် စည်းမျဉ်း တစ်ခု ဖြစ်တဲ့ FFP စည်းမျဉ်းနဲ့ မညိစွန်းစေရန် အတွက် အသင်းမှာ ရှိတဲ့ ကစားသမားတွေထဲက တချို့တစ်ဝက် ကို ရောင်းချသွားဖို့ လိုအပ်ပြီး လက်ရှိမှာတော့ ကွင်းလယ်ခံစစ် ကစားသမား ကန်တီကို အရောင်းစာရင်း တင်လိုက်တာပဲ ဖြစ်ပါတယ်။ အသက် ၂၉နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ကန်တီဟာ လက်စတာအသင်း ကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့အပြီးမှာ အသင်းရဲ့ အဓိက ထောက်တိုင် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဒဏ်ရာ ပြဿနာတွေ ကြောင့် အသင်းရဲ့ ပွဲစဉ် အတော်များများကို လွဲချော်ထားသူပါ။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Football Insider သတင်းဌာနကတော့ ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက် အရ ချယ်လ်ဆီးအသင်းဟာ ကန်တီကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီး ကန်တီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀ သန်းခန့် ရမယ် ဆိုရင် ရောင်းထုတ်သွားမှာ ဖြစ်ကြောင်း သိထားရတယ် လို့ ဆိုထားပါတယ်။ လက်ရှိမှာတော့ ကန်တီကို ခေါ်ယူဖို့ အတွက် စပိန်အင်အားကြီး ကလပ် ရီးရဲလ် မက်ဒရစ်အသင်းက အဓိက စိတ်ဝင်စားလျက် ရှိပြီး ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ယူအသင်းကလည်း ကန်တီကို ခေါ်ယူနိုင်ချေ ရှိပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ ကန်တီအတွက် ချယ်လ်ဆီးအသင်း သတ်မှတ် ထားတဲ့ ပြောင်းရွှေ့ကြေး ဟာ များပြားနေတယ် လို့ သုံးသပ်ထားကြပြီး ချယ်လ်ဆီးအသင်းအနေနဲ့ ကန်တီကို ရောင်းထုတ် ဖြစ်ခဲ့ပါက ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင်သာ ရရှိဖွယ် ရှိတယ် လို့ ခန့်မှန်းထားကြပါတယ်။