ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်သူ ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် အသင်းရဲ့ ကြယ်ပွင့် ကစားသမား တချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဖြစ်သူ ဂျရူးကို အေစီမီလန်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂သန်းနဲ့ ရောင်းချဖို့ ဆုံးဖြတ်အပြီးမှာ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာသလို တဖက်မှာလည်း အသင်းရဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင် နေပါတယ်။

Photo Credit: Express

ချယ်လ်ဆီးအသင်းဟာ ဘဏ္ဍာရေးအင်အား တောင့်တင်းတဲ့ အသင်းတသင်း ဖြစ်ပေမယ့် ကိုဗစ်ရောဂါကြောင့် ဝင်ငွေနည်းပါးနေတဲ့ အချိန်မှာ ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ အတွက် အသင်းရဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ လိုအပ်နေကာ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တောင်ပံ ကစားသမား ဇီရက်ဇ် ၊ တိုက်စစ်မှူး အေဗရာဟမ် ၊ ကွင်းလယ်လူ ဘာကာယိုကိုတို့ကို ရောင်းချဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူး အေဗရာဟမ်ဟာ နည်းပြ တူချယ်ရဲ့ စီမံကိန်းတွေထဲမှာ မပါဝင်တော့တာကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ သေချာနေတဲ့ ကစားသမား ဖြစ်သလို ဘာကာယိုကိုကလည်း အသင်းသစ် ရှာဖွေနေတဲ့ ကစားသမားပါ။ ချယ်လ်ဆီးအသင်းဟာ သူတို့နှစ်ဦးကို ရောင်းချရာကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင် ရရှိဖို့ ရှိနေပါတယ်။

Photo Credit: Express

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ချယ်လ်ဆီးအသင်းထံ ရောက်ရှိလာတဲ့ မော်ရိုကို တောင်ပံကစားသမား ဇီရက်ဇ်ကတော့ ချယ်လ်ဆီးနည်းပြ တူချယ်ရဲ့ စိတ်ကြိုက် ကစားသမား တဦး မဟုတ်သလို ဒဏ်ရာပြဿနာ များပြားတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့ကို အရောင်းစာရင်း တင်ခဲ့တာ ဖြစ်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင် လိုချင်နေပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ ဇီရက်ဇ် ၊ အေဗရာဟမ် ၊ ဘာကာယိုကိုတို့ကို ရောင်းချရာကနေ ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း ဝန်းကျင် ရရှိနိုင်ပြီး အဆိုပါ ကစားသမား ရောင်းချမှုတွေကို အပြီးသတ် ပြီးပါက ချယ်လ်ဆီးအသင်းဟာ ဟာလန်းအတွက် ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်းနဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဆိုပါတယ်။